မြို့ဦးခေါင်းဘုရား (ခေါ်) မြို့ဦးနှောက်ဘုရား

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်မြောက်ထောင့် မိုင်ဝက်ခန့်ကွာဝေးသော ပိန္နဲတောင်တန်း၏ အရှေ့ဘက်သို့ထိုးထွက်သွားသော တောင်စွယ်၌ တည်ရှိသည်။ မင်းစောမွန်သည် ကောဇာသက္ကရာဇ် ၇၉၂ (အေဒီ ၁၄၃၀) တွင် မြောက်ဦးမြို့ကို စတင်တည်ထောင်သောအခါ မြို့တည်ဘုရားငါးဆူနှင့် နတ်ရုပ်ရှစ်ရုပ်တို့ကို တစ်ပြိုင်တည်း တည်ထားခဲ့ရာ မြို့တော်ကို ဂဠုန်ငှက်အတောင်ဖြန့်၍ ဝပ်နေဟန်တည်ထားခဲ့ပြီး ဂဠုန်ငှက်၏ ဦးခေါင်းကျရာအရပ်တွင် မြို့တည်အရံဘုရားအဖြစ် တည်ထား၍ မြို့ဦးခေါင်းဘုရားဟု ခေါ်တွင်စေခဲ့သည်။ စေတီတော်တွင် မြတ်စွာဘုရား၏ ဦးနှောက်တော်ဓာတ်နှင့် အခြားသော ရဟန္တာတို့၏ ဓာတ်တော်များကို ဌာပနာ၍ တည်ထားခဲ့သဖြင့် မြို့ဦးနှောက်ဘုရားဟုလည်း ခေါ်တွင်ခဲ့သည်ဟု သိရသည်။ စေတီတော်၏ ဂန္ဓကုဋီတိုက်တွင် ဉာဏ်တော်အမြင့် ၇ ပေခန့်ရှိသော ကြာသင်္ကန်းဝတ်ရုံထားသည့် ကျောက်ဆင်းတုတစ်ဆူကိန်းဝပ်လျက်ရှိသည်။ ဆင်းတုတော်၏ ပလ္လင်တွင် ပန်းမျိုးစုံ၊ အရုပ်မျိုးစုံနှင့် စောင်းသမားပုံတို့ကို ကျောက်ဆစ်အနုလက်ရာပြောင်မြောက်စွာ ထုဆစ်ထားရှိသည်။