မြောက်ဦးမြို့ နန်းရာကုန်းမှ အနောက်ဘက် တစ်မိုင်ခန့်အကွာ၊ လောကမာရ်အောင်စေတီတော်မှ အနောက်ဘက် ကိုက် ၄၀၀ ခန့်အကွာ ဘုရားပေါ်ချောင်းနံဘေးတွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၉၆၅ ခုနှစ် (အေဒီ ၁၆၀၃) တွင် ဘုရင်မင်းရာဇာကြီးက တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်၏ လိုဏ်ဂူအတွင်းရှိ ဆင်းတုတော်မှာ ရေထဲတွင် နှစ်ပေါင်းတစ်ထောင်ခန့် ကိန်းဝပ်တော်မူပြီး ပေါ်ပေါက်လာသည်ကို အကြောင်းပြု၍ ဘုရားပေါ်ဘုရား ဟု ခေါ်ကြသည်။ ဉာဏ်တော် ၁၂ပေ ၃လက်မရှိသည်။ ဘုရားပေါ်ဘုရားဆင်းတုတော်ကြီးရှိရာ ဂူတော်အပေါ်ထက်တွင် တည်ထားသောစေတီဖြစ်သောကြောင့် ဘုရားပေါ်စေတီဟု ခေါ်ဝေါ်ကြသည်။ အောက်ခြေမှာ စတုရန်းလေးထောင့်ပုံဖြစ်၍ ပေ ၂၀မြင့်သော နံရံရှိသည်။ ၎င်းမှ ပစ္စယံလေးဆင့်တင်ထားသည်။ ပစ္စယံလေးဆင့်ပြီးနောက် စက်ဝိုင်းပုံသို့ပြောင်းကာ ခေါင်းလောင်းမှောက်၊ ဖောင်း ရစ်၊ ငှက်ပျောဖူး၊ ထီးတော် အဆင့်ဆင့် တင့်တယ်စွာရှိသည်။ ဖောင်းရစ် ၁၂ခု ရှိသည်။ စေတီတော်တစ်ခုလုံးဉာဏ်တော်မှာ ၁၂၀ ပေရှိသည်။ အောက်ခြေဖိနပ်တော်ထောင့်လေးထောင့်တွင် ခြင်္သေ့တစ်ကောင်စီရှိသည်။ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဝင်လမ်းဂူတို့ရှိသည်။ ၎င်းဂူလမ်းမှ ဂန္ဓကုဋီတိုက်နှင့် ဆက်သွယ်ထားသည်။ အနောက်ဘက်နံရံကို ကျောပြု၍ ကြီးမားသောကျောက်တုံးတစ်တုံးတည်းကို ထုလုပ်ထားသော ဆင်းတုတော်ကို ဖူးတွေ့နိုင်သည်။ တောင်ဘက်ရှိ ဘုရားသိမ်တော်တွင် အဆင့် ၁၀ ဆင့်၌ ဘုရားဆင်းတုတော် ၁၀၃ ဆူပါရှိသော ထုချွန်ပုံမဏ္ဍိုင်စေတီတော် တစ်ဆူရှိသည်။ "ရခိုင်ကျင့်ထုံးတစ်ရာ့သုံး" ကိုရည်ညွှန်းထားဟန်တူသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် အာရုံခံသိမ်တော်များရှိသည်။ စေတီတော်နှင့် သိမ်တို့ကို မဟာရံတံတိုင်းကာရံထားရှိသည်။