မဟာသကျသီဟဘုရား

Listing Description

မဟာသကျသီဟဘုရားသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရပ်ကွက်၊ ၈၅ လမ်း၊ ၃၀ လမ်းနှင့် ၃၁ လမ်းကြားတွင် ဘုံနှစ်ဆင့်ရှိသော ပြာသာဒ်တော်နှင့် ကိန်းဝပ်စံပယ်လျက်ရှိသည်။ ရုပ်ပွားတော်သည် ပဉ္စလောဟာ ကြေးစပ်ရုပ်ပွားတော်မြတ်ကြီးဖြစ်ပြီး ကြေးပိဿာချိန်ပေါင်း ၁၆၁၁၀ ရှိပါသည်။ သက္ကရာဇ် ၁၁၈၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်၊ သောကြာနေ့ (၁၅ မတ် ၁၈၂၇) တွင် အင်းဝမြို့တည်နန်းတည် ဘကြီးတော် စစ်ကိုင်းမင်းနှင့် သီရိပဝရတိလောက မဟာမင်္ဂလာဇိန္ဒာရတနာဒေဝီ မိဖုရားခေါင်ကြီးတို့ သွန်းလုပ်လှူဒါန်းခဲ့ပါသည်။ ရုပ်ပွားတော်၏ အမြင့် ပမာဏ ကိုးတောင် နှစ်မိုက်၊ ထက်ဝယ် အချင်းပမာဏ ခုနစ်တောင် တစ်မိုက် လေးသစ်၊ ဓမ္မခဏ် နေရာတော် ရှစ်တောင် တစ်မိုက် လေးသစ်၊ အမြင့် နှစ်မိုက် လေးသစ်၊ မောင်းတော်လုံးပတ် သုံးတောင် နှစ်မိုက် လေးသစ် ရှိပြီး လက္ခဏာတော် ကြီးငယ်တို့ဖြင့် သပ္ပာယ်လှပါသည်။ မူလတွင် အင်းဝ၌ တည်ထားကိုးကွယ်ခဲ့ပြီး ပုဂံမင်း နန်းတက်သောအခါ ဘကြီးတော်ဖြစ်သော စစ်ကိုင်းမင်း သွန်းလုပ်ကိုးကွယ်ခဲ့သော မဟာသကျသီဟဘုရား ကိန်းဝပ်သည့် အုတ်ပြဿဒ် ပျက်စီးယိုယွင်းသဖြင့် ပုဂံမင်းက မဟာသကျသီဟဘုရားရုပ်ပွားတော်မြတ်အား အမရပူရမြို့ အနောက် မဟာဝိဇယရံသီစေတီတော်၏ တောင်ဘက် မြေလွတ်မြေလပ်တွင် မဟာရံတံတိုင်း၊ မီးတားနှင့်တကွ ဘုံငါးဆင့်ရှိသော တန်ဆောင်းရွှေပြဿဒ် ဆောက်လုပ်၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ သီပေါမင်းလက်ထက်တွင် မဟာသကျသီဟဘုရားရုပ်ပွားတော်အား ယခုကိန်းဝပ်တည်ရှိရာ မန္တလေးမြို့ အောင်နန်းရိပ်သာရပ်၊ မလန်ဈေးမြောက်ဘက်သို့ ပင့်ဆောင်ပူဇော်ခဲ့ပါသည်။ မဟာသကျသီဟဘုရား၏ အရှေ့ဘက်စောင်းတန်း မြောက်ဘက်တွင် ဗဒုံမင်း၏ သားတော် ပြည်မြို့စား သီရိမဟာဓမ္မရာဇာနှင့် မြေဒူးမင်းသမီး သီရိမဟာရတနာမလ္လာဒေဝီ တို့လှူဒါန်းခဲ့သော ကြေးတန်ချိန် ၃၅၀၀ ပိဿာရှိသော ခေါင်းလောင်းတော်ကြီးကိုလည်း တွေ့မြင်နိုင်ပါသည်။ မဟာသကျသီဟ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လ မီးထွန်းပွဲတော်နှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။