လောကထိပ်ပန်ဘုရား

Listing Description

လောကထိပ်ပန်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ အနော်ရထာလမ်းမကြီးအနီး၊ တောင်ဖီကျေးရွာအုပ်စု၊ ရွှေဆံတော်ဘုရား၏ မြောက်ဘက်တွင် တည်ရှိပြီး ဂူဘုရားအလတ်စား ဖြစ်ပါသည်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူဘုရားဖြစ်ပြီး အေဒီ ၁၂ ရာစု အလောင်းစည်သူမင်းလက်ထက်တွင် တည်ထားခဲ့သော ဂူဘုရားဖြစ်ပါသည်။ အတွင်းနံရံပန်းချီများ လတ်လတ်ဆတ်ဆတ်ရှိပြီး ဆေးရောင်စုံ ခြယ်သထားပါသည်။ ဤဂူဘုရား၏ ထူးခြားချက်မှာ အခြားဘုရားများနှင့်မတူ တမူထူးခြားစွာ ဇာတ်ကြီးဆယ်ဘွဲ့ကို အကျယ်တဝင့်ရေးသားခြယ်လှယ် ဖော်ပြထားပါသည်။ အရှေ့ဘက်နံရံတွင် ဝေဿန္တရာဇာတ်ကို တစ်ပေခန့် အတန်းများနံရံပြည့်ရေးခြယ်ထားသည်။ တိုက်မအနောက်ဘက် နံရံပြည့် (၅၅၀) ဇာတ်ကွက်များနှင့် ဇာတ်ကြီးဆယ်ဘွဲ့တို့ကို ကြားညှပ်ရေးခြယ်ထားရှိပြီး ဇာတ်တော်၊ နိပါတ်တော် ပန်းချီကားများ အောက်ခြေတွင် မင်စာ(ပုံစာ)များကို တွေ့ရပါသည်။ အမျိုးသားနှင့် အမျိုးသမီး ပုံတို့ကိုလည်း မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး၊ ဆံထုံးတို့ကိုကြည့်ကာ လွယ်ကူစွာ ခွဲခြားနိုင်အောင် ရေးဆွဲထားသည်။ အမျိုးသမီးတို့၏ ခန္ဓာကိုယ် အလှအပများကို ပေါ်လွင်အောင် ရေးဆွဲထားသည်ကို လေ့လာနိုင်သည်။ နံရံဆေးရေးပန်းချီပါ အကြောင်းအရာများကို ရှေးမွန်ဘာသာနှင့် မြန်မာဘာသာ ကမ္ပည်းစာတို့ဖြင့် ရေးထိုးထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။