ကုသိနာရုံဆံတော်ရှင်စေတီတော်

Listing Description

မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးတွင် တည်ရှိပါသည်။ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် မြတ်စွာဘုရားရှင်နှင့် နောက်ပါရဟန္တာများ သုဝဏ္ဏဘူမိသို့ ကြွချီလာစဉ် ရသေ့များအား ဆံတော်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သိရိပဗ္ဗတတောင် (သို့) ဒိုးကုသိနာရုံတောင်တွင် သီတင်းသုံးသော ဒိဗ္ဗစက္ခုအဘယရသေ့နှင့် ဒိုးခလွန်း (သို့) ကေလာသတောင်တွင် သီတင်းသုံးသော တိလရှင်ရသေ့ စသည့် ရသေ့နှစ်ပါးသည် ဆံတော်တစ်ဆူစီ ရရှိခဲ့ပါသည်။ ဆံတော်များရရှိပြီး နှစ်နှစ်၊ သုံးနှစ်ခန့် ကြာခဲ့သော်လည်း ရသေ့နှစ်ပါးမှာ ဌာပနာခြင်း မပြုလုပ်နိုင်ခဲ့ကြသေးဘဲ အသက်အရွယ်အရလည်း အိုမင်းမစွမ်းရှိလာသဖြင့် အနာရောဂါစွဲကပ်လာရာ ဆံတော်များအတွက် ဒိုးတမော်ခတွံဂလိုင်းတောင် (ကျိုက်ထီးရိုးတောင်) တွင် သီတင်းသုံးနေထိုင်သော ဗုဒ္ဓဉာဏရသေ့အား မှာကြားခေါ်ယူလိုက်ပြီး မိမိတို့ရရှိထားသော ဆံတော်မြတ်နှစ်ဆူကို ပေးအပ်ခဲ့ကြသည်။ ဗုဒ္ဓဉာဏရသေ့သည် ရရှိလာသောဆံတော်နှစ်ဆူအနက် ဒိဗ္ဗစက္ခုရသေ့ရရှိသော ဆံတော်အား ဌာပနာ၍ နဂါးဥပုံ ရှည်မျောမျော ကျောက်တုံးပေါ်တွင် လုံးပတ်အမြင့် ၅ ပေ ၁၀ လက်မရှိသည့် စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ပြီး ကုသိနာရုံဆံတော်ရှင်စေတီတော်ဟု ဘွဲ့အမည်တွင်ခဲ့ပါသည်။ စေတီတော်ပုံသဏ္ဌာန်မှာ နဂါးဥပုံစံ အနာအဆာမရှိ ချောမွတ်နေသော ကျောက်တုံးရှည်မျောမျောအရှေ့နှင့် အနောက်တွင် နဂါးနှစ်ကောင် ပါးပျဉ်းထောင်၍ မျက်နှာချင်းဆိုင် စောင့်ရှောက်နေဟန် ထုလုပ်ထားပြီး စေတီအနောက်ဘက်တွင် နတ်မင်းကြီးတစ်ပါးမှ နဂါးနှစ်ကောင်၏အမြီးကို အားမာန်ပါပါ ထမ်းပိုးထားဟန် ထုလုပ်ထားပါသည်။ ဗုဒ္ဓဉာဏရသေ့တည်ထားခဲ့သော ဆံတော်ရှင်စေတီတော်များမှာ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကေလာသဆံတော်ရှင်စေတီတော်၊ ကုသိနာရုံဆံတော်ရှင်စေတီတော် တို့ဖြစ်ပါသည်။