စူဠာမုဏိစေတီတော်

Listing Description

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့၏ မြို့လယ်တောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ မဏိစည်သူမင်းကြီး တည်ထားခဲ့သည်ဟု သိရှိရသည်။ နှစ်ကာလကြာသောအခါ စေတီတော်မှာ ပျက်စီးယိုယွင်းခဲ့သဖြင့် မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် (အေဒီ- ၁၈၄၉) ခုနှစ်တွင် ဗမာလူမျိုး သစ်ကုန်သည် ဦးမောင်သိုက်ဆိုသူက အုတ်ပုံမျှသာ ကျန်ရှိသော စေတီတော်ကိုပြန်ငုံ၍ အသစ်ပြန်လည် မွမ်းမံတည်ထားကိုးကွယ်ခဲ့သည်ဟု လေ့လာသိရှိရပါသည်။ စူဠာမုဏိစေတီတော်သည် တောင်ကုန်းပေါ်တွင်တည်ရှိ၍ သရက်ကင်းလှေကား ၅ စင်းပြုလုပ်ကာ တောင်ကုန်းပေါ်တွင် စေတီတည်ထားသည်။ လေးထောင့်အုတ်ခုံအလျား ၈၉ ပေ၊ အနံ ၇၂ ပေဖြင့် မြောက်ဘက်တွင် မျက်နှာမူ၍ အရံစေတီငယ်လေးဆူနှင့် လေးမျက်နှာမုခ်ပေါက်ပါစေတီ ၈ ဆူ စုစုပေါင်းစေတီရံ ၁၂ ဆူဖြင့် တည်ထားပါသည်။ ယင်းအပေါ်တွင် ပစ္စယံ ၃ ဆင့်၊ ကြည်ဝန်း၊ ကြာအုံ ၃ ဆင့်၊ ခေါင်းလောင်းနား၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ် မှောက်၊ ဖောင်းရစ်၊ ကြာလှန်၊ ရွဲလုံး၊ ကြာမှောက်၊ ငှက်ပျောဖူး စသည်ဖြင့် ထီးတော်အထိအဆင့်ဆင့် တည်ထားသည်ကို တွေ့ရှိရပါသည်။ ပထမပစ္စယံ၏ ထောင့်လေးထောင့်တွင် မနုဿီဟရုပ်ထွင်းထုထားပြီး၊ ဒုတိယပစ္စယံ၏ထောင့် လေးထောင့်တွင် အစောင့်အရှောက် ဘီလူးရုပ်ကို ထွင်းထုကာ တတိယပစ္စယံ၏ ထောင့်လေးထောင့်တွင် ကလသာအိုး တည်ထားသည်ကို တွေ့ရပါသည်။ ဖောင်းရစ် ၁၃ ရစ်ပါရှိပြီး ကြာအုံ ၃ ဆင့်၏ တောင်ဘက်တွင် ပြဿဒ်ပုံမုခ်တံကဲလေးပြုလုပ်ကာ ဆင်းတုတော်တစ်ဆူ အပူဇော်ခံထားသည်ကို လည်း တွေ့ရှိရပါသည်။ ယင်းဆင်းတုတော်ကြီးမှဆင်း၍ ပထမလှေကားအရှေ့ဘက်တွင် စေတီငယ် ၂ ဆူကိုလည်း ဖူးမျှော်လေ့လာ တွေ့ရှိရပါသည်။