နှစ်ကျိပ်ရှစ်ဆူစေတီတော်

Listing Description

ရှားတောမြို့၊ ကယားပိုင်းရပ်ကွက်၏ အရှေ့မြောက်ဘက် ငြိမ်းချမ်းရေးမြို့ဦးစေတီတော်၏ အရှေ့ဘက်တောင်ကုန်းတွင် တည်ရှိပြီး စေတီတော်၏ အောက်ခြေလေးထောင့်ခုံပေါ်တွင် ရှစ် မြှောင့်ပစ္စယံ တည်ကာ အဝိုင်းပုံစေတီပေါက်ထား သော အလျား ၂၄ ပေ ၄ လက်မ၊ အနံ ၂၄ ပေ ၄ လက်မ ရှိပြီး ဉာဏ်တော်အမြင့် ၄၆ ပေခန့် ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ အုတ်အရွယ်အစားမှာ ၁၂ x ၆ x ၂ လက်မ အရွယ်ရှိသော မြေမီးဖုတ်အုတ်ကို အသုံးပြုတည်ဆောက်ထားပါသည်။ အောက်ခြေ လေးထောင့်တစ်ဖက်စီတွင် မုခ်ကပ်ငယ် ၇ ခုဖြင့် တန်ဆာဆင်ထားပြီး ဆင်းတုတော်များ ပူဇော်ကိုးကွယ် ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ အောက်ခြေထောင့်လေး ထောင့်မုခ်ကပ်ငယ်ပေါ်တွင် အရံစေတီတော် ၄ ဆူကို တည်ထားကိုးကွယ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရှစ်မြှောင့် ပစ္စယံအထက် ထောင့်လေးထောင့်တွင် ကလ သာအိုးပြုလုပ်ထားသည်ကို တွေ့ရှိရပါသည်။ အနောက်တောင်ထောင့် ကလသာအိုးတစ်လုံးမှာ အောက်သို့ ပြုတ်ကျလျက် ခြေတော်ရာအဆောက်အအုံထိပ်တွင် ထားရှိသည်ကို တွေ့ရှိရသည်။ ယခုလက်ရှိတွင် စေတီ၏ထိပ်ပိုင်း ငှက်ပျောဖူးမှစ၍ ကြီးမားသော ညောင်ပင်ကြီး ပေါက်ရောက်နေသည်ကို တွေ့ရှိရပါသည်။ စေတီတော် မဟာရံတံတိုင်းအမြင့် ၇ ပေ၊ အလျား ၆၈ ပေ၊ အနံ ၆၄ ပေဖြင့် ကာရံထားသည်။ ၄င်းတွင် မုခ်ပေါက်ငယ်များဖြင့် တန်ဆာ ဆင်ထားပါသည်။ ထို့နောက် အပြင်မှ တံတိုင်းတစ်ခုထပ်မံကာရံ၍ တံတိုင်း ၂ ထပ်ဖြင့် တွေ့ရှိရပါသည်။ မဟာရံတံတိုင်း အတွင်း စေတီ၏အရှေ့ဘက်တွင် မြတ်စွာဘုရား၏ ခြေတော်ရာတစ်ခုကို စကျင်ကျောက်ဖြင့်ထုလုပ်ထား၍ ပျက်စီးကျိုးပဲ့နေသော အပိုင်းအစကိုတွေ့ရှိရပါသည်။ ထို့အပြင် စေတီတော်၏ပရဝုဏ်အတွင်း ကျောက်ဆင်းတုနှစ်ဆူနှင့် မျက်နှာချင်းဆိုင် တစ်ဆူကိုလည်း တွေ့ရပါသည်။ ကျောက်ဆင်းတုတော်များမှာ ဦးခေါင်းတော်မပါ ဆိုးရွားစွာ ပျက်စီးနေပါသည်။ စေတီ၏ မဟာတံတိုင်းအတွင်း ပရဝုဏ်အကျယ်မှာ ပေ ၈၀ ခန့် ပတ်လည်ရှိပြီး တောင်ဘက် တံတိုင်းတွင် အဝင်ပေါက်တစ်ခုရှိကာ အဆင်းလှေကား၏ ဘယ်/ညာ တစ်ဖက်စီတွင် ခြင်္သေ့ရုပ် ၂ ရုပ် ထားရှိသည်ကိုလည်း တွေ့ရှိရပါသည်။ နှစ်ကျိပ်ရှစ်ဆူ၏ မြောက်ဘက်ယွန်းယွန်း၊ မြို့ဦးစေတီ၏ အရှေ့ဘက်တောင်ကုန်းပေါ်တွင် ပျက်စီးနေသော စေတီ ၃ ဆူထဲမှ အကြီးဆုံးစေတီတော်ကြီးပေါ်တွင် သစ်ပင်များ ပေါက်ရောက်ခြင်း၊ ခြုံနွယ်များဖုံးလွမ်းခြင်း၊ အက်ကွဲ ကြောင်းများဖြင့် ပြိုကျပျက်စီး၍ ကျန်နှစ်ဆူမှာလည်း စေတီကြီးကဲ့သို့ ပျက်စီးသော်လည်း အမြင့် ၁၂ ပေခန့် အရွယ်တူညီစွာ တည်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။