ဖကန္နစေတီတော်

Listing Description

ငြိမ်းချမ်းရေးမြို့ဦးစေတီလေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော ဖကန္နစေတီသည် ရှားတောမြို့၊ ကယားပိုင်း၏ အရှေ့မြောက်ဘက် စာသင်ကျောင်းအနီး အမြင့် ၅ ပေ၊ အလျား ၁၆၅ ပေ၊ အနံ ၁၁၅ ပေ၊ ထု ၃ ပေခန့်ရှိသော အုတ်တံတိုင်း ပရဝုဏ်အတွင်း၌ အခြားငြိမ်းချမ်းရေးမြို့ဦးစေတီ သုံးဆူဖြစ်ကြသော ပုဟိန်ထောက်စေတီ၊  ဖကေတုစေတီတော်ဦးပြုံးချိုစေတီတော်တို့နှင့် တစ်စုတည်းတည်ရှိသည်။ ပုဟိန်ထောက်စေတီတော်၏ တောင်ဘက်ကပ်လျက် လေးထောင့်ဖိနပ်ခုံပေါ်တွင် ခိုနန်းချိုးပါ လေးထောင့်ပစ္စယံ ၃ ဆင့်ပြုလုပ်ကာ ယင်းအပေါ်တွင် ရှစ်မြောင့်ပစ္စယံ၊ ကြေးခုံနှင့် ကြာခုံခံ၍ ခေါင်းလောင်းပုံစေတီကို အလျား ၂၄ ပေ ၇ လက်မ၊ အနံ ၂၄ ပေ ၄ လက်မ၊ ဉာဏ်တော် အမြင့် ၃ ပေခန့်ဖြင့် တည်ထားပါသည်။ ဖိနပ်ခုံ၏ အရပ်လေး မျက်နှာတွင် ပြဿဒ်ပုံစံမုခ်ကပ် ပြုလုပ်ကာ ဆင်းတုတော်တစ်ဆူစီ ပူဇော်ခံထားသည်ကို တွေ့ရသည်။ သို့သော် ဆင်းတုများမှာ ပျက်စီးနေသည်ကို တွေ့ရှိရပြီး မုခ်ကပ်ကို တိုးစီပေါင်းကူးပုံစံ ပြုလုပ်ထားပါသည်။ အရပ်လေးမျက်နှာတွင် သရက်ကင်းပုံစံလက်ရန်းဖြင့် လှေကားများ ပြုလုပ်ထားပါသည်။ ပထမပစ္စယံနှင့် ဒုတိယပစ္စယံကို စိန်တောင်ပုံစံ ပြုလုပ်ပြီး အချို့မှာ ပျက်စီးနေ၍ တတိယပစ္စယံပေါ်တွင် မနုဿီဟရုပ်ကို ထောင့်လေးထောင့်တွင် တည်ထားဟန်ရှိသော်လည်း အရှေ့တောင်ဘက်တွင်မူ မတွေ့ရတော့ပါ။ ရှစ်မြှောင့်ပစ္စယံကို စိန်တောင်များဖြင့် တန်ဆာဆင်ထားပြီး ကြေးခုံ ကြာခုံပေါ်တွင် ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် ၁၃ ရစ်စသည်ဖြင့် အဆင့်ဆင့်တည်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။