ဖကေတုစေတီတော်

Listing Description

ငြိမ်းချမ်းရေးမြို့ဦးစေတီလေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော ဖကေတုစေတီသည် ရှားတောမြို့၊ ကယားပိုင်း၏ အရှေ့မြောက်ဘက် စာသင်ကျောင်းအနီး အမြင့် ၅ ပေ၊ အလျား ၁၆၅ ပေ၊ အနံ ၁၁၅ ပေ၊ ထု ၃ ပေခန့်ရှိသော အုတ်တံတိုင်း ပရဝုဏ်အတွင်း၌ အခြားငြိမ်းချမ်းရေးမြို့ဦးစေတီ သုံးဆူဖြစ်ကြသော ပုဟိန်ထောက်စေတီ၊ ဖကန္နစေတီတော်ဦးပြုံးချိုစေတီတော်တို့နှင့် တစ်စုတည်းတည်ရှိသည်။ ပုဟိန်ထောက်စေတီ၏ မြောက်ဘက်တွင် ခိုနန်းချိုးပါ လေးထောင့်ပစ္စယံနှစ်ဆင့် ရှစ်မြှောင့် ပစ္စယံတစ်ဆင့်နှင့် စိန်တောင်ခံကာ ခေါင်းလောင်းပုံစေတီကို အလျား ၁၇ ပေ ၃ လက်မ၊ အနံ ၁၇ ပေ ၃ လက်မ၊ အမြင့် ၃၀ ပေခန့် ရှိသော စေတီဖြစ်ပါသည်။ စေတီ၏ အရပ်လေးမျက်နှာဖိနပ်ခုံပေါ်တွင် ပြဿဒ်မုခ် ဆောင်ပြုလုပ်ထားပြီး အမြင့် ၃ ပေ ၆ လက်မ၊ ဗျက် ၂ ပေ ၆ လက်မ ၊ ထု ၁ ပေ ၇ လက်မ ခန့်ရှိသော ဆင်းတုတော်တစ်ဆူစီ အပူဇော်ခံ ထားပါသည်။ အောက်ခြေထောင့်လေးထောင့်တွင် ခြင်္သေ့ရုပ်တစ်ရုပ်စီ ထုလုပ်ထားပါသည်။ ထို့အပြင် ပထမပစ္စယံတွင် ကလသာအိုးကို ပြုလုပ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ရှစ်မြှောင့်ပစ္စယံပေါ်တွင် စိန်တောင်ပတ်ထားပြီး ခေါင်းလောင်းပုံကိုလည်း ဘီလူးပန်းဆွဲများ ဖြင့် တန်ဆာဆင်ထားသည်ကို တွေ့ရပါသည်။ ထို့နောက် ရင်စည်း၊ သပိတ်မှောက်၊ ပန်းဆွဲ စသည်ဖြင့် တည်ထားပြီး ဖောင်း ရစ် ၉ ရစ်ပါရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။