ဆံတော်ရှင်စူဠာမုနိစေတီ (ခေါ်) ရွှေအောင်ရွေးစေတီ

Listing Description

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ခမွန်ဘောကုန်းတော်ပေါ်တွင် တည်ရှိပါသည်။ ပဲခူးမြို့၏ အရှေ့အလယ်တည့်တည့်တွင် တည်ရှိနေခြင်းဖြစ်ပြီး ရွှေမော်ဓောငယ် (သို့) ရွှေအောင်ရွေးဘုရားဟုလည်း ခေါ်ဆိုကြပါသည်။ စေတီတော်သမိုင်းအရ ခရစ်နှစ် ၁၄၈၃ ခုနှစ်တွင် ဓမ္မစေတီမင်းကြီးက သီဟိုဠ်ကျွန်းမှ ရရှိသော မြတ်စွာဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ခရစ်နှစ် ၁၅၆၄ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီတော် ဖိနပ်တော်အထိ အက်ကွဲပျက်စီးခဲ့သဖြင့် (ခရစ်နှစ် ၁၅၆၆ ခုနှစ်) ကောဇာသက္ကရာဇ် ၉၂၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့တွင် ဘုရင့်နောင်မင်းတရားကြီးကိုယ်တော်တိုင် အုတ်မြစ်စီမင်္ဂလာပြု၍ ပြန်လည်တည်ထားကိုးကွယ်ခဲ့ရာ တပေါင်းလပြည့်ကျော် ၅ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ဆံတော်ရှင်စူဠာမုနိဟူ၍ ဘွဲ့အမည်ခေါ်တွင်ခဲ့သည်။ ခရစ်နှစ် ၁၅၉၀ ခုနှစ်တွင် မြေငလျင်ဒဏ်ခံရပြန်ကာ ငှက်ပျောဖူးကွဲ၍ ထီးတော် မြေခသဖြင့် နန္ဒဘုရင်(ငါးဆူဒါယကာမင်း)က (ခရစ်နှစ် ၁၅၉၁) ကောဇာသက္ကရာဇ် ၉၅၃ ခုနှစ် ဝါဆိုလတွင် ထီးတော်သစ်တင်လှူပူဇော်ခဲ့သည်။ ခရစ်နှစ် ၁၆၃၂ ခုနှစ်တွင် သာလွန်မင်းတရားကြီးက စေတီတော်အား အင်္ဂတေအသစ် ထပ်မံပူဇော်ခဲ့သည်။ ခရစ်နှစ် ၁၉၃၀ ခုနှစ်တွင် မြေငလျင်ဒဏ် ထပ်မံခံရပြန်ကာ စေတီတော်၏ ခေါင်းလောင်းပုံ အထက်ပိုင်းပြိုကျပျက်ဆီးခဲ့ရပြန်ပြီး ၁၉၇၇ ခုနှစ်တွင် အပျက်အဆီး ချုံနွယ်ပိတ်ပေါင်းများ၊ အုတ်ကျိုးများဖယ်ရှား ရှင်းလင်းခဲ့ကြရာမှ ဆင်ပျံရတနာရုပ်ထုနှင့်တွဲလျှက် ဌာပနာပြုလုပ်ပူဇော်ထားသော ဗုဒ္ဓဆံတော်မြတ်အား ရှာဖွေတွေ့ရှိကြသည်။ ထို့နောက်တွင် ပဲခူးမြို့ ကြခတ်ဝိုင်းဆရာတော်ဘုရားကြီးနှင့် ရွှေအောင်ရွေးဆရာတော်ကြီတို့၏ ဩဝါဒနှင့်အညီ ဆံတော်ရှင်မြတ်‌စေတီ ပြန်လည်တည်ဆောက်ရေးအဖွဲ့ဖွဲ့ကာ ဆံတော်ရှင်စူဠာမုနိ (ခေါ်) ရွှေအောင်ရွေးစေတီတော်မြတ်အား ထပ်မံတည်ထားကိုးကွယ်ခဲ့ကြပါသည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်အစစ်အား ဘုရားကြီး၏ အနောက်ဘက်မုခ်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ညနေ ၅နာရီအထိ မည်သူမဆိုဖူးမျှော်ကြည်ညိုနိူင်ရန် ပူဇော်ထားရှိပါသည်။