ကယားပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအလွန် ခရီးသွားများ လေ့လာလည်ပတ်နိုင်ရန် ခရီးစဉ်ဒေသသစ်နှစ်ခု ဖော်ဆောင်မည်

Listing Description

လွိုင်ကော် ဒီဇင်ဘာ ၂၆

ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်နိုင်ရန်အတွက် ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားကော်မတီအဖွဲ့ဝင်များ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီ (DMO)အဖွဲ့ဝင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များ အသင်း(ကယားဇုန်) အဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာလအလွန် ခရီးသွားများလေ့လာလည်ပတ်နိုင်ရန် ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသအသစ်အဖြစ် ရှားတော မြို့နယ်နှင့် ရွာသစ်မြို့တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်ထံမှ သိရသည်။

ရှားတောမြို့နယ်ရှိ ကယားလူမျိုးများ၏ ရိုးရာမပျက် ဝတ်စားဆင်ယင်မှုများနှင့် နေထိုင်မှုပုံစံများ၊ သဘာဝ ရေပူစမ်းချောင်း၊ အလောင်းမင်းတရားဦးအောင်ဇေယျ တည်ထားကိုးကွယ်ခဲ့သော ဆုတောင်းပြည့်စေတီတော်နှင့် သံလွင်မြစ်တစ်လျှောက် သံလွင်မြစ်အလှအား ကြည့်ရှုလေ့လာနိုင်ရေး စက်လှေစီးခရီးစဉ် တို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်သည်။

အလားတူ ရွာသစ်မြို့တွင်လည်း နှစ် ၁၀၀ ကျော် သက်တမ်းရှိ ဘုန်းကြီးကျောင်းများနှင့် ဝိုဟရေတံခွန်တို့ကို ခရီးသွားလည်ပတ်နိုင် ရန်အတွက် ခရီးစဉ်ဒေသသစ်တစ်ခုအဖြစ် ဖော်ထုတ်သွားမည်ဖြစ်သည်။

ပယ်ဖျက်ပေးရန် တင်ပြ

ခရီးစဉ်သစ်ဖော်ဆောင်မည့် ရှားတောမြို့နှင့် ရွာသစ်မြို့တို့တွင် ပြည်တွင်းခရီးသွားများ အတွက် လည်ပတ်ရန် အဆင်ပြေသော်လည်း နိုင်ငံခြားသားများအတွက် ကန့်သတ်ဧရိယာ အတွင်း ပါဝင်နေခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပယ်ဖျက်ပေးရန်တင်ပြသွား မည်ဖြစ်ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ် တာဝန်ခံ ဦးလင်းဇော်ထွဋ်၏ ပြောကြားချက် အရ သိရသည်။

ကိုစိုင်း(လွိုင်ကော်)