ဘီလူးမတောင် (သို့မဟုတ်) ဆင်မတောင်စေတီ

Listing Description

ဘီလူးမတောင်စေတီသည် ရှားတောမြို့၏ အရှေ့တောင်ဘက်ကုန်းပေါ်တွင် တည်ရှိပြီး စေတီတော်၏ အောက်ခြေပန္နက်မှာ အလျား ၃၁ ပေ ၆ လက်မ၊ အနံ ၃၁ ပေ ၄ လက်မရှိပြီး ဉာဏ်တော်အမြင့်မှာ ၃၂ ပေခန့် ရှိသည်ကို လေ့လာတိုင်းတာ တွေ့ရှိရပါသည်။ ဘီလူးမတောင်စေတီကို သူကြီး၏မိန်းမ နန်းကဲ ဆိုသူက တည်ထားကိုးကွယ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရှိရပါသည်။ ခုနှစ်သက္ကရာဇ်ကို အတိအကျမသိရပါ။ ဘီလူးမတောင်စေတီသည် လေးထောင့်ဖိနပ်ခုံပေါ်တွင် လေး ထောင့်ပစ္စယံ လေးဆင့်ပြုလုပ်၍ အပေါ်၌ ရှစ်မြှောင့်ပစ္စယံတစ်ဆင့်ခံပြီး အဝိုင်းပုံစေတီ တည်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ပထမပစ္စယံ၏ အရပ်လေးမျက်နှာတွင် မုခ်ကပ်ရှိကာ ဆင်းတုတော်များပူဇော်ထားပြီး ထောင့်လေးထောင့်တွင့် ခြင်္သေ့ရုပ် ၄ ရုပ်ဖြင့် တန်ဆာဆင် တည်ဆောက်ထားပါသည်။ ဒုတိယပစ္စယံ၏ ထောင့်လေးထောင့်တွင် မနုဿီဟ ရုပ်တုကိုထုလုပ်ထားပြီး တတိယပစ္စယံတွင် အစောင့်ဘီလူးဟု ထင်ရသော အရုပ်ကိုတည်ကာ စတုတ္ထပစ္စယံတွင် ကလသာအိုးတို့ဖြင့် တန်ဆာဆင်ထားသည်ကို တွေ့ရှိရပါသည်။ သို့သော် မနုဿီဟရုပ်မှာ အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက် နှစ်ရုပ်၊ အစောင့်ဘီလူးရုပ်မှာ အနောက်တောင်ဘက် တစ်ရုပ်၊ ကလသာအိုးမှာ အနောက်တောင် ဘက်တစ်အိုးတို့သာ တွေ့ရှိရတော့သည်။ စတုတ္ထပစ္စယံ၏ အရပ်လေးမျက်နှာတွင် ပြဿဒ်ပုံ နတ်လမ်း မုခ်ကပ်ငယ် လေးဘက်လုံးပါရှိသည်ကို တွေ့ရပါသည်။ စေတီတော်၏ထိပ်ပိုင်းတွင် ဖောင်းရစ် ၇ ရစ်ရှိပြီး ငှက်ပျောဖူးနေရာမှစ၍ ပျက်စီးနေသည်ကို တွေ့ရှိရသည်။ အောက်ခြေဖိနပ်ခုံကို စိန်တောင်များဖြင့် လှပစွာမွမ်းမံထားပြီး အရှေ့တောင်ဘက်ထောင့်တွင် နဂါးပတ်ပုံ စေတီရံနှင့် အရှေ့မြောက်ဘက်ထောင့်တွင် အစောင့် အရှောက်ဘီလူးရုပ်ဟုထင်ရသော အရုပ်ကို ထုလုပ်ထားသည်ကို တွေ့ရှိရပါသည်။ ပထမပစ္စယံထောင့်လေးထောင့်ရှိ ခြင်္သေ့ရုပ်ထဲတွင် ထူးခြားသောခြင်္သေ့ရုပ်တစ်ခုမှာ ဘယ်ဘက်လက် တစ်ဖက်သည်မြှောက်၍ သတ္တဝါအကောင်ငယ် တစ်ကောင်အား ကိုင်ထားဟန်မှာ ထူးခြားစွာတွေ့ရှိရသည်။ ထို့အပြင် အရှေ့ဘက် နတ်လမ်းလှေကား၏ တစ်ဖက်တစ်ခြမ်းတွင် အစောင့်အရှောက်ဘီလူး ရုပ် (သို့မဟုတ်) နတ်သားရုပ်ဟု ထင်ရသော အရုပ်နှစ်ခုကိုလည်း တွေ့ရှိရပါသည်။ နတ်လမ်းလှေကားတွင် တိမ်ပြာနတ်ရုပ်များ မွမ်းမံထားသည်ကိုတွေ့ရပြီး စေတီ၏အပေါ်ပိုင်း အရှေ့တောင်ထောင့် ခေါင်းလောင်းနားတွင် ဘီလူးရုပ် (သို့မဟုတ်) နတ်သားရုပ်ဟုထင်ရသော အင်္ဂတေပန်းဆွဲ တစ်ခုကို လည်း တွေ့ရှိရပါသည်။ မဟာရံတံတိုင်း အမြင့် ၈ ပေ၊ ထု ၂ ပေ ၈ လက်မ၊ ပေ ၈၀ ပတ်လည်ခန့် ကာရံထားသည်ကို တွေ့ရှိရပါသည်။ ထိုမဟာတံတိုင်းတွင် စေတီ၏အရှေ့တောင်ဘက်၊ အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက်တွင် စေတီငယ်များတည်ထားသည်ကို တွေ့ရှိရပြီး မဟာတံတိုင်းမှာလည်း အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်သာကျန်ရှိပြီး အရှေ့မြောက်ထောင့်တွင်မူ လုံးဝ ပျက်စီးနေသည်ကို တွေ့ရှိရပါသည်။ ကျန်ရှိနေသော မဟာတံတိုင်းပေါ်တွင် စေတီငယ်များ တည်ထားသည်မှာ အဆူ ၂၀ ခန့်ရှိသည်ကို လေ့လာ တွေ့ရှိရပါသည်။ စေတီ၏အရှေ့ဘက်တွင် အမြင့် ၄ ပေ ၄လက်မ၊ ဗျက် ၃ ပေ ၃လက်မ၊ ထု ၂ ပေ ၈ လက်မခန့်ရှိသော ပဆစ်တုပ်ထိုင်ဟန် ဘီလူးမအရုပ်နှင့် အမြင့် ၈ ပေ၊ ဗျက် ၈ ပေ၊ ထု ၃ ပေ ခန့်ရှိသော ဆင်ရုပ်ကို ယှဉ်တွဲ၍ ထုလုပ်ထားသည်ကို တွေ့ရှိရပါသည်။ ယင်းအရုပ်နှစ်ရုပ်ကို အကြောင်းပြု၍ ဆင်မတောင် (သို့မဟုတ်) ဘီလူးမတောင်စေတီတော်ဟု ခေါ်ဝေါ်ကြောင်းကိုလည်း လေ့လာမှတ်သားရပါသည်။ စေတီ၏တောင်ဘက်တွင် စေတီတော်ကိုပူဇော်နေဟန် ဆင်ရုပ်တစ်ရုပ်ကိုလည်း ထုလုပ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။