ပူတာအို၌ ဈေးကောင်းရနေသော ကျောက်ကြမ်းပိုး(ခေါ်) အင်းဆက်ကောင်ရှာဖွေသူများ မိသားစုအပိုဝင်ငွေရရှိ

Listing Description

ပူတာအို နိုဝင်ဘာ ၂၂

ကချင်ပြည်နယ် ပူတာအိုဒေသတွင် ဒေသအခေါ် ကျောက်ကြမ်းပိုး(အင်းဆက်ကောင်)များအား ဈေး ကောင်းပေးဝယ်သူများရှိသဖြင့် ယခုနှစ်တွင် ကျောက် ကြမ်းပိုးရှာဖွေသူများပြားလာပြီး မိသားစုစားဝတ်နေ ရေးအတွက် ညအိပ်ညနေ ကျောက်ကြမ်းပိုး အရှာ ထွက်သူများပင်ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

"အရင်နှစ်က နို့ဆီဘူးတစ်ဘူးကိုကျပ် ၈၀ဝ၀ ကနေ ကျပ် ၁၀၀၀၀ လောက်အထိရခဲ့တယ်။ အခုနှစ် ဒေသပေါက်ဈေးက ကျပ် ၆၀၀၀ ဝန်းကျင်ပဲရတယ်။ ဒါပေမယ့် ညနေပိုင်းအားတဲ့အချိန်ခဏလေးအတွင်း မှာ ဘယ်လောက်ရရမိသားစုဝင်ငွေအတွက်လာရှာကြ တယ်။ ကျွန်တော်တို့ကျေးရွာကတော့ တစ်ရွာလုံးနီးပါး ရှာကြပါတယ်"ဟု ရီဂျော်ဒီကျေးရွာမှ ကိုအေဒီယိုးက ပြောကြားသည်။ ပူတာအိုဒေသတွင် နိုဝင်ဘာမှ မတ်လအထိသာ တွေ့ရှိရသည့်ကျောက်ကြမ်းပိုးသည်အင်းဆက်နွယ်ဝင် အမျိုးအစားတစ်မျိုးဖြစ်ပြီး အကောင်ကြီးဆိုလျှင် နို့ဆီဘူး တစ်ဘူးကျပ်၃၀၀၀၊ တစ်ပိဿာ ကျပ်၅၀၀၀၀ အထိရှိပြီး အကောင်သေးအမျိုးအစားတစ်ဘူးကို ကျပ် ၆၀၀၀မှ ၆၅၀၀၊ တစ်ပိဿာဈေးနှုန်း ငွေကျပ် ၉၀၀၀၀ အထိ ဈေးရရှိကြောင်း သိရသည်။

ကျောက်ကြမ်းပိုးရှာဖွေသူများအနေဖြင့် သွားရောင်း ရန်မလိုအပ်ဘဲ ဝယ်ယူချင်သူများက အိမ်တိုင်ရာ ရောက်လိုက်ဝယ်နေသောကြောင့် မိသားစုဝင်ငွေ အဆင်ပြေနေပြီး ညနေပိုင်းအချိန်ခဏအတွင်း၌ တစ်နေ့လုပ်စာဝင်ငွေထက် များစွာရရှိသောကြောင့် ကျောက်ကြမ်းပိုးရှာဖွေသူများက မူလာချောင်း တစ်လျှောက် အထူးများပြားလျက်ရှိကြောင်း ကျောက်ကြမ်းပိုးရှာဖွေသူမအားချီကပြောကြားသည်။ "ကျောက်ကြမ်းပိုးကို တရုတ်က ဒိုင်ခံဝယ်နေလို့ ဒီမှာတော့ထပ်ဆင့်ဝယ်ယူစုဆောင်းသူတွေများတယ်။ နို့ဆီဘူးတစ်ဘူးကို ကျပ် ၆၅၀၀ နဲ့တွက်ရင် တချို့ မိသားစုလိုက်ရှာဖွေသူတွေက အချိန်ခဏအတွင်းမှာ နှစ်ဘူး သုံးဘူးလောက်ရတယ်လေ။ တစ်ညနေမှာ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ရတာပေါ့။ ဒါကြောင့် တချို့ဆိုသူတို့ရဲ့လယ်ယာအလုပ်တွေကိုခဏပစ်ထား ပြီးရှာကြတယ်။ အခုအချိန်မှာတစ်နေ့ကောက်ရိတ်တဲ့ လုပ်အားခက ကျပ် ၄၀၀၀ ပဲရတာဆိုတော့ ရာသီပေါ်ကျောက်ကြမ်းပိုးရှာဖွေတာက မိသားစုစားဝတ်နေရေး အတွက် အခွင့်အရေးတစ်ခုလိုဖြစ်နေတာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ။

ကျောက်ကြမ်းပိုးအကောင်များကို တရုတ်က ဝယ်ယူနေပြီး ဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း နှင့် ပူတာအိုဒေသတွင် ကျောက်ကြမ်းပိုးကိုလွန်ခဲ့သည့် ငါးနှစ်ခန့်က နို့ဆီတစ်ဘူးလျှင် ကျပ် ၂၀၀ ခန့်သာ ရရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် တစ်ဘူး လျှင် ကျပ် ၅၀၀၀ အထက်ရရှိကာ ယခုနှစ်တွင်မူ တစ်ဘူးလျှင် ကျပ် ၆၅၀၀ အထိရောင်းရပြီး မြစ်ချောင်း ကမ်းစပ်များတွင် ကျောက်ကြမ်းပိုးရှာဖွေသူ များပြားလာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါကျောက်ကြမ်းပိုး အင်းဆက်ကောင်များသည် လူသူအရောက်အပေါက်နည်းသော ချောင်းများ၊ ချောင်းစပ် ကျောက်ကြိုကျောက်ကြားများတွင် တွေ့ရ ပြီး နံနက်ပိုင်းတွင် ကျောက်ခဲများအောက် ရှာဖွေရ ကာ ညနေပိုင်း အစာရှာထွက်ချိန်တွင် ဝါး၊ ခြင်ထောင်၊ ဆန်ခါခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းလေ့ရှိကြောင်း သိရသည်။

ဆန်းညွန့်(ပူတာအို)