မြိတ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိ

Listing Description

မြိတ် နိုဝင်ဘာ ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစတင်ကာ နိုင်ငံတစ်ဝန်း တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီး၌လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ် ရေး ညွှန်ကြားချက်နှင့်အညီ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ် တကျ ဆန္ဒမဲပေးကြသည်။

မဲဆန္ဒရှင်ပြည်သူများက မဲရုံများသို့ မဲရုံ မဖွင့်လှစ်မီ မဲရုံရှေ့တွင် ကိုဗစ်-၁၉ ဘေးကင်း လုံခြုံရေး ကာကွယ်ဆောင်ရွက်မှုနှင့်အတူ စိတ် အားထက်သန်စွာ ဆန္ဒမဲပေးရန် စောင့်ဆိုင်း လျက်ရှိကြကာ မဲရုံတာဝန်ရှိသူများက မဲပုံးများ အား အများမြင်သာအောင်ပြသ၍ လုံခြုံရေး ကြိုးတပ်ဆင်ပြီးနောက် နံနက် ၆ နာရီတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲလက်မှတ်များ ထုတ်ယူကြကာ လျှို့ဝှက် ဆန္ဒပြုခန်းများ၌ ဆန္ဒပြုကြပြီး လွှတ်တော် အသီးသီး ဆန္ဒမဲပုံးများတွင် ဆန္ဒမဲလက်မှတ် များ ထည့်ကြသည်။

မြိတ်မြို့နယ်၌ ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂ အုပ်စုတွင် မဲရုံပေါင်း ၂၂၇ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၂၂၆၇၉၈ ဦးရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက် )