မူလာရှီးဒီကြိုးတံတား

Listing Description

မူလာရှီးဒီကြိုးတံတားသည် ကချင်ပြည်နယ် ပူတာအိုမြို့မှ ၇ မိုင်ခန့်ကွာဝေးသော မူလာရှီးဒီကျေးရွာအနီးရှိ ဂျစ်ကားကူးကြိုးတံတား တစ်စင်းဖြစ်ပါသည်။ ရေခဲတောင်မှ စီးဆင်းလာသော မူလာချောင်းကို ဖြတ်၍တည်ဆောက်ထားပါသည်။ မူလာရှီးဒီ ဆိုသည်မှာ မူလာချောင်းနံဘေးရှိ သက်ကယ်လွင်ပြင်ဟု အဓိပ္ပာယ်ရပါသည်။ မူလာရှီးဒီကြိုးတံတားကို ၁၉၅၈ ခုနှစ်တွင် ဝါးနှင့် ဆောက်လုပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ယခုလက်ရှိပုံစံ ဆောက်လုပ်ခဲ့ပါသည်။ ကြိုးတံတားအနီးရှိ ကွန်ကရစ်တံတားကို ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ မူလာရှီဒီးရွာသည် လီဆူး ခရစ်တော်အသင်းတော်၏ ဌာနေအသင်းချုပ်ရုံးစိုက်ရာ ရွာဖြစ်ပါသည်။ မူလာရှီးဒီကျေးရွာသို့ ၁၉၅၀ ခုနှစ်တွင် အမေရိကန်သာသနာပြု မစ္စတာရောဘတ်မော့(စ်) ရောက်ရှိလာပြီး သာသနာပြု စတင်ခဲ့ချိန်တွင် ဘုရားကျောင်းကို ဝါးနှင့်သာ ဆောက်လုပ်ခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် ဘုရားကျောင်းကို ပြန်လည်ဆောက်လုပ်ခဲ့ပါသည်။ ဂရိတ်ဖုသီးကိုလည်း မစ္စတာ ရောဘတ်မော့(စ်)ကိုယ်တိုင် အမေရိကန်နိုင်ငံမှ မျိုးစေ့ယူလာပြီး မူလာရှီးဒီရွာတွင် စတင်စိုက်ပျိုးစေခဲ့ပါသည်။ ထို့ကြောင့် မူလာရှီးဒီကျေးရွာသည် မြန်မာနိုင်ငံတွင် ဂရိတ်ဖုသီးမျိုး စတင်ပြန့်ပွားရာဒေသဖြစ်သည်။ မုန်လန်ချောင်းသည်လည်း ကျောက်တုံးလှလှလေးများဖြင့် ဓာတ်ပုံရိုက်ရန်အကောင်းဆုံး နေရာတစ်ခုဖြစ်ပါသည်။ မူလာရှီးဒီကြိုးတံတားနှင့် လှပသော ပတ်ဝန်းကျင်ရှုခင်းကြောင့် ပူတာအိုသို့ ရောက်သူတိုင်း လာရောက်လည်ပတ်ကြပါသည်။