ပုသိမ်တံတားကြီးကြောင့် ပုသိမ်မြို့နှင့် ဒေသပတ်ဝန်းကျင်လမ်းပန်းလည်းချောမွေ့စေ၊ မြို့ပြလူမှုစီးပွားလည်း တိုးတက်စေ

Listing Description

▲  ပုသိမ်တံတားသစ်တည်ဆောက်ရေးစီမံကိန်း အကောင် အထည်ဖော်ခြင်း ▲

ဧရာ၀တီတိုင်းဒေသကြီး၏  မြို့တော်ပုသိမ်မြို့သည် ပုသိမ်ခရိုင်အတွင်းတည်ရှိပြီး ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ရုံးစိုက်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ သွားလာရေး၊ နေထိုင်ရေး အဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်လည်းကောင်း၊ ပုသိမ်မြို့၏တိုးတက်လာမှုမြန်ဆန်လာသည်နှင့် ပုသိမ်မြစ်၏အနောက်ဘက်ခြမ်းတွင် မြို့ပြအိမ်ရာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း ရည်ရွယ်ချက်များဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ပုသိမ်တံတားတည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

▲ ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ▲

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ ပြည်ထောင်စုဝန်ကြီးများ၊  ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ပုသိမ်တံတားသစ်ကြီးဖြစ်သော ပုသိမ်တံတားအမှတ် (၂)   ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတက အမှတ် (၁) ပန္နက်တော်ရတနာပိုင်တွင် (Stand Pile) ကို စက်ခလုတ်နှိပ်ပန္နက်တော်တင်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။

▲  တာဝန်ယူတည်ဆောက်သည့် တံတားအထူးအဖွဲ့ ▲

ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေးစီမံကိန်းကို  ဆောက်လုပ်ရေးဝန်ကြီးဌာန  တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၆) မှ  အင်ဂျင်နီယာ ဒေါ်သစ်သစ်အောင် (ညွှန်ကြားရေးမှူး)ကဦးဆောင်၍ မြို့ပြ၊ စက်မှု၊ လျှပ်စစ်၊ ရေသန့်အင်ဂျင်နီယာ ၁၉  ဦး  (ညွှန်မှူးမှ ငယ်ယာ ၄ အဆင့်အထိ)  ငွေစာရင်းနှင့်အုပ်ချုပ်မှုဝန်ထမ်း ၁၀  ဦး၊ လုပ်ငန်းပြအင်ဂျင်နီယာ ၁၇ ဦး၊  ပညာသည်  ဝန်ထမ်းခြောက်ဦးနှင့် ကျွမ်းကျင်လုပ်သားများအပါအဝင် ကာယ၊ ဉာဏလုပ်သား ၂၀၀  တို့ဖြင့် တံတားတည်ဆောက်ရေးစီမံကိန်းကို  အကောင် အထည်ဖော်ဆောင်ရွက်နေကြသည်။

▲  ပုသိမ်တံတားနှင့် ပတ်သက်သည့်အချက်အလက်များ ▲

ပုသိမ်တံတားအမှတ် (၂) ၏   တံတားအရှည်မှာ  ပေ ၂၃၈၀ (၇၂၅ ဒသမ ၅ မီတာ) ရှိသည်။ တံတားခန်းဖွင့်ဖွဲ့စည်းပုံမှာ ပင်မတံတားတွင် သံပေါင်သုံးခုံးပါဝင်ပြီး ရေလယ်သံပေါင်ခုံးမှာ အရှည် ၄၅၉ ပေ (၁၄၀ မီတာ)နှင့် ဘေးနှစ်ဖက်တွင် ၃၁၁ ဒသမ ၅ ပေ (၉၅ မီတာ)ရှိ သံပေါင်ခုံးနှစ်ခုံးအပါအဝင် စုစုပေါင်း ၁၀၈၂ ပေ (၃၃၀ မီတာ) အရှည်ရှိသည်။ ပုသိမ်ဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၅၇၂ ဒသမ ၅ ပေ (၁၇၄ ဒသမ ၅ မီတာ) နှင့် စိန်ကုန်းဘက်ကမ်းချဉ်းကပ်တံတားအရှည်မှာ ၇၂၅ ပေ(၂၂၁ မီတာ) ရှိသည်။ ယာဉ်သွားလမ်းအကျယ်မှာ ၂၈ ပေ (၈ ဒသမ ၅ မီတာ)နှင့် တစ်ဖက်လျှင် ၅ ပေ (၁ ဒသမ ၅ မီတာ) အကျယ်ရှိသော လူသွားလမ်းနှစ်ဖက်ပါရှိသည်။ တံတားအမျိုးအစားမှာ အောက်ခံအုတ်မြစ် Bored Pile များဖြင့်   ဆောင်ရွက်သည်။ တံတားကိုယ်ထည် တံတားတိုင်များမှာ သံကူကွန်ကရစ် (RC Concrete) များ  ဖြစ်သည်။  တံတားအပေါ်ထည် (Super Structure) မှာ သံမဏိသံပေါင်ခုံးတံတား  (Nielsen Arch, Cable Hanger) ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ(P-C Girder) နှင့် ယာဉ်သွားလမ်းမှာ သံကူကွန်ကရစ်ကြမ်းခင်း (RC Slab) တို့ဖြစ်သည်။ ရေလမ်းကင်းလွတ်အကျယ်မှာ ၄၁၆ ပေ (၁၂၇ မီတာ)နှင့် ရေလမ်းကင်းလွတ်အမြင့်ပေ ၆၀ (၁၈ ဒသမ ၃ မီတာ) ရှိ သည်။ တံတားခံနိုင်ဝန်မှာ HS 25 Load Class  (ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်  ၇၅ တန်) ဖြစ်ကြောင်း သိရှိရသည်။  ခန့်မှန်းစီမံကိန်းတန်ဖိုးမှာ ပင်မတံတား၊ ချဉ်းကပ်တံတားများအပါအဝင် ကျပ်သန်း  ၂၈၅၀၀ ရှိကြောင်း သိရှိရသည်။

▲ တံတားတည်ဆောက်ရေးလုပ်ငန်းစဉ်  မှတ်တမ်းနှင့်  ကြာမြင့်ချိန်ကာလ ▲

ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေးစီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂၇-၁၀-၂၀၁၈ ရက်နေ့ က ဆောင်ရွက်ခဲ့သည်။  တံတားကြီး၏ပင်မကမ်းကပ်ခုံမှ ပထမဆုံး ပင်မသံပေါင်ကြီးကို ၂၁-၁-၂၀၂၀ ရက်နေ့တွင် စတင်တပ်ဆင်ခဲ့ကြသည်။  ပင်မတံတားကြီးနှင့် အလယ်သံပေါင်ခုံး နောက်ဆုံးအဆက်သံပေါင်ကို ၂၃-၅-၂၀၂၀  ရက်နေ့ နံနက် ၁၀ နာရီတွင် တပ်ဆင်ထားကြောင်း သိရှိရသည်။ တံတားကြီး၏ လုံခြုံရေး၊ မြို့လုံခြုံရေးနှင့် ပြည်သူများ၏လုံခြုံရေးအတွက် CCTV ကင်မရာ ၃၂ လုံးကို ၇-၇-၂၀၂၀ ရက်နေ့တွင် တပ်ဆင်ပြီးစီးကြောင်း သိရှိရသည်။

ပုသိမ်တံတားတည်ဆောက်ရေးစီမံကိန်းတွင် သံမဏိသံပေါင်ခုံးများ၊ သံမဏိကေဘယ်လ်ကြိုးများ တပ်ဆင်ပြီးဖြစ်၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် တံတားခံနိုင်ဝန်စမ်းသပ်ခြင်း(Load Test)ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းများတွင် ဖတ်ရှုရသည်။    တံတားသစ်ကြီးကို တည်ဆောက်ချိန်ကာလမှာ ၂၂ လသာအချိန်ကြာမြင့်ခဲ့ကြောင်းနှင့် ပုသိမ်တံတားသစ်ကြီးကို ၂၀၂၀  ပြည့်နှစ် စက်တင်ဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

▲  ပင်မတံတား၊ ချဉ်းကပ်တံတားပေါ် နိုင်လွန်ကတ္တရာခင်း ခြင်းနှင့် ချဉ်းကပ်လမ်းများဆောင်ရွက်ခြင်း ▲

ပုသိမ်တံတား၏ ပုသိမ်ဘက်ချဉ်းကပ်လမ်းနှင့် စိန်ကုန်းဘက်ချဉ်းကပ်လမ်းများကို ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်ကကြီးကြပ်၍ ပုသိမ်ခရိုင် ပုသိမ်မြို့နယ် လမ်းဦးစီးဌာနကဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ တံတားကြီးပေါ် နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကိုလည်း ပုသိမ်မြို့နယ်လမ်းဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် ဩဂုတ် လ ပထမပတ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရသည်။  ပုသိမ်ဘက် ချဉ်းကပ်လမ်းအရှည်  ၁၄၂ ပေနှင့် စိန်ကုန်းဘက်လမ်း   ၁၂၈   ပေကို ဘေးနှစ်ဖက်မှ ယာဉ်သွားလမ်းအကျယ်ရရှိစေရန် အသင့်ပြုလုပ်ပြီး ကွန်ကရစ်ပြားများ (Pre-Cast Concrete Slab) များကိုအသုံးပြု၍  Reinforced Earth Wall Method (REW Wall Panels)နည်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ စိန်ကုန်းဘက် ချဉ်းကပ်လမ်းထိပ်မှ ပုသိမ်- ငွေဆောင်လမ်း (စိန်ကုန်းလမ်းဆုံ)အထိ လမ်းအရှည်(၂ မိုင် ၅ ဖာလုံ) ရှိသည်။ ရရှိခွင့်ပြုရန်ပုံငွေဖြင့် တံတားထိပ်မှလမ်းအရှည် ၁ မိုင် ၂ ဖာလုံအရှည်ကို ၂၄ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပုသိမ်ခရိုင်လမ်းဦးစီးဌာနမှ သိရှိရသည်။

▲  ကိုဗစ်-၁၉ ကာလနှင့် ပုသိမ်တံတားတည်ဆောက်ခြင်းလုပ်ငန်းခွင် ▲

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါပြင်းထန်နေသည့်ကာလ ၂၀၂၀ ပြည့်နှစ် မတ်လမှ ဇွန်လအချိန်ကာလအတွင်း   ပုသိမ်တံတားတည်ဆောက်ရေးဆောင်ရွက်နေသည့်အချိန်နှင့်   ကြုံကြိုက်ခဲ့ရသည်။ တံတားစီမံကိန်းကို ဦးဆောင်၍  ဆောင်ရွက်နေသည့် တံတားစီမံကိန်းအင်ဂျင်နီယာ ဒေါ်သစ်သစ်အောင်သည် အင်ဂျင်နီယာဝန်ထမ်းများနှင့်အတူ အရေးကြီးသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာလအတွင်း လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်အညီ အင်ဂျင်နီယာများနှင့် ရုံးအဖွဲ့ များ၊ ကာယ၊ ဉာဏလုပ်သားများအတူတကွ စနစ်တကျလိုက်နာဆောင်ရွက်၍ တံတားတည်ဆောက်ရေးလုပ်ငန်းများကို မရပ်မနား နေ့၊ ညစဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ကြသည်။ ကိုဗစ်-၁၉ ကာလတွင်  ဆောင်ရွက်နေသော   တံတားတည်ဆောက်ရေးလုပ်ငန်းခွင်မှ   တာဝန်ရှိ အင်ဂျင်နီယာများနှင့် နေပြည်တော်ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊  တံတားဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများက Video Conferencing Meeting စနစ်ဖြင့် ၂-၅-၂၀၂၀ ရက်နေ့နှင့် ၆-၆-၂၀၂၀  ရက်နေ့တို့တွင် တံတားတည်ဆောက်ရေးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ကိုဗစ်- ၁၉ ကာလအတွင်း  ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများကလည်း အနီးကပ်ကြီးကြပ်၍ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။                    

ကိုဗစ်-၁၉ ကာလ၌ ပုသိမ်တံတားတည်ဆောက်ရေးလုပ်ငန်းတွင် အရေးကြီးသော သံပေါင်တပ်ဆင်ခြင်းလုပ်ငန်းများကို မရပ်မနားဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် စီမံကိန်းရည်မှန်းချက်အချိန်အတိုင်း   ၂၀၂၀  ပြည့်နှစ် ဩဂုတ်လအတွင်း  ပုသိမ်တံတားတည်ဆောက်ရေး လုပ်ငန်းအချိန်မီပြီးစီးရခြင်း  ဖြစ်သည်။    ကိုဗစ်-၁၉ ကာလအတွင်း  တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကျန်းမာ ရေးနှင့်  အားကစားဝန်ကြီး ဌာနက လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်၍ တံတားတည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သော ပုသိမ်တံတားတည်ဆောက်ရေးစီမံကိန်းမှ စီမံကိန်းအင်ဂျင်နီယာနှင့် လုပ်ငန်းခွင်အင်ဂျင်နီယာများ၊ ရုံးအဖွဲ့ နှင့် ကျွမ်းကျင်ကာယ၊ ဉာဏလုပ်သားများကို လေးစားစွာ အထူးဂုဏ်ပြုအပ်ပါသည်။

▲  တံတားကြီး ရေရှည်တည်တံ့ခိုင်ခံ့ရေး၊ လှပရေး၊ လုံခြုံ ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုများ ▲

ပုသိမ်တံတားသစ်ကြီး ရေရှည်တည်တံ့ခိုင်ခံ့နေစေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားထိန်းသိမ်းရေးအဖွဲ့က တံတားထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ တံတားကြီးကို ပုသိမ်မြို့လယ်တွင် တည်ဆောက်ထားခြင်းကြောင့်  ညဘက်လှပနေစေရန် လျှပ်စစ်မီး  (Decorative  Lighting)   များ တပ်ဆင်ပေးထားကြောင်း သိရှိရသည်။ တံတားကြီးမှာ ပုသိမ်မြစ်ကို ဖြတ်ကူးတည်ဆောက်ထားသည်ဖြစ်၍ ညဘက်မြစ်အတွင်း သွားလာသောရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရေကြောင်းပြမီးများ (Navigation Lighting)လည်း တပ်ဆင်ပေးထားကြောင်း၊ တံတား ကြီး၏  လုံခြုံရေး၊ ပုသိမ်မြို့နှင့်မြို့နေပြည်သူများလုံခြုံရေးအတွက် တံတားကြီးပေါ်တွင် CCTV လုံခြုံရေး ကင်မရာ ၃၂ လုံးကိုလည်း တပ်ဆင် ပေးထားကြောင်း သိရှိရသည်။

▲  ပုသိမ်ရွှေမုဋ္ဌောဘုရား၊ ပုသိမ်တံတားသစ်ကြီးနှင့် လှပခံ့ညားနေသော ပုသိမ်မြို့ ▲

တန်ခိုးကြီးပုသိမ်ရွှေမုဋ္ဌောဘုရားကြီးအနီးတွင် တည်ဆောက်ထားသော ပုသိမ်တံတားသည် ပုသိမ်မြို့ကမ်းနားလမ်း၌ လှပစွာမြင်တွေ့မည်ဖြစ်သည်။  ပုသိမ်တံတားသစ်ကြီးအနီးတွင်  ပုသိမ်မြို့တော်ခန်းမကြီးမှာ ခံ့ညားလှပစွာတည်ရှိနေသည်။  ပုသိမ်တံတားသစ်ကြီး လမ်းနှစ်ဖက်ရှိ ပင်မတံတားတိုင်ခြေကမ်းစပ်များတွင် ကွန်ကရစ်အခင်း (Plat Form) များကို လှပစွာပြုလုပ်ထားကြောင်း  သိရှိရသည်။ ပုသိမ်ဘက်ခြမ်းရှိ တံတားကြီးအနီးတွင် ပုသိမ်မြို့နေပြည်သူများ အပန်းဖြေနားနေစဉ် တံတားအလှကိုကြည့်ရှုနိုင်ရန် ခုံတန်းများ၊ ရှုခင်းသာနေရာများနှင့် အားကစားလေ့ကျင့်ခန်းပစ္စည်းများ ထားရှိသောကြောင့် ပုသိမ်မြို့နေပြည်သူအများ အပန်းဖြေနားနေ၍ တံတားကြီးအလှကို ကြည့်ရှုခံစားလျက်ရှိကြောင်း သိရှိ ရသည်။

▲  ဖွံ့ဖြိုးတိုးတက်လာတော့မည့် ဧရာ၀တီတိုင်းဒေသကြီးနှင့် ပုသိမ်မြို့နယ်ပတ်ဝန်းကျင်ဒေသ ▲

ပုသိမ်မြို့နယ်တွင် လူဦးရေပေါင်း  သုံးသိန်းကျော် ရှိသည်။ ပုသိမ်မြို့နယ်တွင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်၊ ချောင်းသာမြို့နယ်နှင့် ရွှေသောင်ယံမြို့နယ်တို့ ပါဝင်သည်။ မြို့နေအိမ်ခြေ ၃၇၆၁၆ ခုနှင့် ကျေးလက်နေအိမ်ခြေ ၃၈၉၅၉ ခု၊ မြို့နယ်ချုပ်အိမ်ခြေ စုစုပေါင်း ၇၆၅၇၅ ခုရှိကြောင်း သိရှိရသည်။ ပုသိမ်မြို့တွင်  ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ကိုးခုနှင့် ကျေးရွာ ၄၅ ရွာရှိသည်။ ပုသိမ်မြို့ ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်အနက် ရပ်ကွက် ၉ နှင့် ၁၀ သည် ပုသိမ်တစ်ဖက်   စိန်ကုန်းဘက်ကမ်းတွင်  တည်ရှိသည်။ ပုသိမ်တံတားသစ်ကြီးတည်ဆောက်ပြီးစီးပါက  ပုသိမ် တစ်ဖက်ကမ်းရှိ ရပ်ကွက်နှစ်ခုနှင့် ကျေးရွာများသို့ အချိန်မရွေးလွယ်ကူစွာသွားလာနိုင်တော့မည် ဖြစ်သည်။ ပုသိမ်မြို့၏မြို့ပြဖွံ့ဖြိုးတိုးတက်မှုများတိုးချဲ့နိုင်ရန်အတွက် ပုသိမ်မြို့တစ်ဖက်ကမ်းတွင် မြို့ပြအိမ်ရာစခန်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စက်မှုဇုန်များ၊  စီးပွားရေးဇုန်များ ပေါ်ထွက်လာတော့မည် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများပေါ်ပေါက်လာသည်နှင့် ပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းများရရှိလာပြီး စားဝတ်နေရေးများ အဆင်ပြေချောမွေ့လာမည် ဖြစ်သည်။ မြို့ပြနှင့် ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းများ မြင့်မားလာမည်ဖြစ်သည်။

▲  ပုသိမ်ဒေသနှင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများ ▲

ပုသိမ်တံတားသစ်စီမံကိန်းမှ ပုသိမ်မြစ်အထက်ဘက် ၃ မိုင် ၂ ဖာလုံနေရာတွင် မူလပုသိမ်ကြိုးတံတားကြီး ရှိသည်။ ပုသိမ်ကြိုးတံတား၏  ခံနိုင်ဝန်လျော့ကျလာမှု ကြောင့်လည်းကောင်း၊  ပုသိမ်မြို့ တစ်ဖက်ကမ်း    မြို့ပြ           အိမ်ရာဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လည်းကောင်း ပုသိမ်တံတားသစ်ကြီးကို ပုသိမ်မြို့လယ်မှာ တည်ဆောက် ရခြင်း ဖြစ်သည်။ စိန်ကုန်းဘက်ကမ်း၊  ပုသိမ်တံတား အသစ် ချဉ်းကပ် လမ်းမှ  ပုသိမ်- ငွေဆောင်လမ်းဆုံသို့ သွားပြီး  ချောင်းသာကမ်းခြေ၊   ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံ ကမ်းခြေအပန်းဖြေစခန်းနေရာများသို့   အလွယ်တကူ သွားရောက်နိုင်တော့မည်ဖြစ်သည်။

▲  ပုသိမ်ခရိုင်နှင့်   သံတွဲခရိုင်တို့ ဆက်စပ်ပေးမည့် ပင်လယ် ကမ်းခြေပတ်လမ်း ▲

ဧရာ၀တီတိုင်းဒေသကြီး   ပုသိမ်ခရိုင်  ငရုတ်ကောင်းကမ်းခြေမှ ရခိုင်ပြည်နယ် ဂွမြို့နယ် ဂွကမ်းခြေအထိ ဆက်သွယ်သည့် ကမ်းခြေပတ်လမ်းရှိပြီး စုစုပေါင်းလမ်း အရှည်မှာ  ၁၀၂  မိုင် ၆  ဖာလုံခန့်ရှိသည်။   အဆိုပါ ကမ်းခြေပတ်လမ်းမှာ ငရုတ်ကောင်းမှ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံကမ်းခြေများ၊ မကျီးဇင်-ကျောက်ချွန်းမှ ဂွကမ်းခြေအထိ ဆက်စပ်ပေးထားသည်။  ပုသိမ်တံတား သစ်ကြီးကြောင့် ပုသိမ်မြို့ ပတ်ဝန်းကျင်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး မြို့ပြလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မြန်မာပြည်တစ်ဝန်းလုံးရှိပြည်သူများ ငွေဆောင်၊ ချောင်းသာကမ်းခြေအပန်းဖြေစခန်းများသို့ ပုသိမ်တံတားသစ်ကြီး မှတစ်ဆင့်  ခရီးသွားလာကြတော့မည်ဖြစ်သည်။ ပုသိမ်မြို့ပတ်ဝန်းကျင် တိုးတက် လာမှုနှင့်အတူ ပင်လယ်ကမ်းခြေပတ်လမ်းဒေသများဖြစ်သော ငရုတ်ကောင်း၊ ချောင်းသာ၊ ရွှေသောင်ယံ၊ မကျီးဇင်၊ ကျောက်ချွန်း၊ ဂွကမ်းခြေဒေသများတွင် အပန်းဖြေစခန်းများ၊ ဟိုတယ်ဇုန်များ၊ အထူးစီးပွားရေးလုပ်ငန်းဇုန်များ အမြန်ဆုံးပေါ်ပေါက်လာမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏  လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်သည်။

▲  ပုသိမ်တံတားသစ်ကြီးမှ ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားသို့ ▲

ပုသိမ်မြို့ရှိ ပုသိမ်တံတားသစ်ကြီးမှ ပုသိမ်-သလပ် ခွာ-မော်တင်စွန်းလမ်း(လမ်းအရှည် ၉၅/ ၀မိုင်) အတိုင်း ကားလမ်းမှတစ်ဆင့်   ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားသို့ သွားရောက်ဖူးမြော်နိုင်သည်။ ပုသိမ်-မော်တင် စွန်းကားလမ်း မိုင်တိုင် (၅၁/ ၀)အနီးတွင် ငရုတ်ကောင်း တောင်ကျေးရွာမှ ငရုတ်ကောင်းမြို့လမ်းခွဲရှိသည်။ ထိုမှ တစ်ဆင့်ငရုတ်ကောင်းကမ်းခြေသို့ သွားရောက်လည်ပတ် နိုင်မည်ဖြစ်သည်။ မော်တင်စွန်းဘုရားရောက်ခါနီးတွင် ဟိုင်းကြီးကျွန်းလည်းရှိပြီး သွားရောက်လည်ပတ်နိုင် သည်။ မြတ်စွာဘုရားရှင်၏  ဆံတော်နှစ်ဆူကိန်းဝပ်တော်မူသော မြတ်မော်တင်စွန်းဘုရားမှာ တန်ခိုးကြီးမားလှပါသည်။ ဒေသခံပြည်သူများက တန်ခိုးကြီးသည့်  ဆံတော်ရှင်မြတ်မော်တင်စွန်း ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပြတ်ခမ်းနားစွာ ကျင်းပကြသည်။ဧရာ၀တီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာသည်နှင့်အညီ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ပြည်သူများကုန်းလမ်းခရီး၊ ရေလမ်းခရီးတို့ဖြင့် မြတ်မော်တင်စွန်းဘုရားကို ရာသီမရွေးလာရောက်ဖူးမြော်နိုင်ကြပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရသည်။      

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)