ပူတောင်းကျေးရွာ

Listing Description

ပူတာအိုအစပူတောင်းက ဟုဆိုရိုးစကားရှိသည့်အတိုင်း ယခုအခါ ပူတာအိုဟုခေါ်သော ဒေသသည် ပူတောင်း (PUTAO)ဟူသော အင်္ဂလိပ်တို့၏ စာပေအရေးအသားမှ Pu= ပူ၊ Ta= တာ၊ O= အို ဟူ၍ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် စတင်ခေါ်ဝေါ်သုံးစွဲလာခဲ့ခြင်းဖြစ်ပါသည်။ ပူတောင်းဆိုသည်မှာ ရှမ်းဘာသာအားဖြင့် ပူ -အဘိုး၊ တောင်း - စောင့်သည်(အဘိုးမျှော်မြို့)ဟုအဓိပ္ပာယ်ရပါသည်။  ပူတောင်းသည်မြို့ကြီး တစ်မြို့၏ အမည်ဖြစ်ခဲ့ပြီး အင်္ဂလိပ်တို့စတင်အုပ်ချုပ်ခဲ့သော အချိန်၌ အိမ်ခြေ ၁၅၀၀ ကျော် ရှိခဲ့သော မြို့ကြီး ဖြစ်ခဲ့ပါသည်။ယခုခေတ်တွင် ထို ပူတောင်းမြို့ နေရာဟောင်းသည် အိမ်​ခြေ ၃၀ ဝန်းကျင်သာ ရှိပြီး အင်္ဂလိပ်တို့ ရုံးစိုက်ရာနေရာဖြစ်သော ပူတောင်းမြို့ကို အမည်ပြု၍ ပူတောင်းကျေးရွာဟုခေါ်ကြပါသည်။ ပူတောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရှိသောနဂါးရုပ်ထုသည် ကုန်းဘောင်ခေတ်နောက်ပိုင်းရတနာပုံခေတ်၏ အလှဆုံးသော မှန်စီရွှေလက်ရာဖြစ်ပါသည်။ ထိုနဂါးရုပ်အား လုက့်ခွန်စော်ဘွားကြီး စဝ်ဖါ့ခန်ဆိုင်(ဝဗျန်လှ-စော့ဝ်ချိုခမ်း) ခန့်မှန်း (အေဒီ ၁၈၆၀-၁၈၈၆ )ကြားတွင် မန္တလေးရတနာပုံနေပြည်တော်တွင် အမှုထမ်းနေသော မိန်းခမ်းတီးနယ်သား ပန်းပုပညာရှင် စောဗလန်းအုပ်နှင့် မန့်ဆိုင်းအမျိုးအနွယ်ပန်းပုပညာရှင် စဝ်နမ်တို့အား မင်းတုန်းမင်းတရားထံမှ ခွင့်ပန်၍ခေါ်ဆောင်လာခဲ့ပြီးမိန်းခမ်းတီးနယ်တွင် ထုဆစ်စေခဲ့သော နဂါးရုပ်တုဖြစ်ပါသည်။ ပါးစပ်ရာဇဝင်များ အရ ထိုနဂါးရုပ်ကြီးမှာ နဂါးနက္ခတ်စီးကာ ညပိုင်း၌ အလိုလိုအသက်ဝင်လှုပ်ရှား၍ နမ့်ထုံချောင်း နှင့် နမ့်ပလပ်ချောင်းတို့တွင် ရေဆင်းကစားတတ်သည်ကို ကျောင်းထိုင်ဆရာတော်နှင့် စော်ဘွားကြီးတို့က တွေ့ရှိသဖြင့် ပူတောင်းဒေသဘေးအန္တရာယ် ကျရောက်မည်ကို စိုးရိမ်၍ နဂါးရုပ်ကြီးကို လည်ပင်းမှစ ပိုင်းဖြတ်ကာ သီးခြားစီခွဲကာထားရှိပြီး ကိုယ်လုံးပိုင်းကို မီးရှို့ဖျောက်ဖျက်ပစ်သည် ဟု သိရပါသည်။ ယခုအခါတွင် ထိုနဂါးရုပ်ကြီးကိုယ်စား နဂါးရုံဘုရားနှင့်တကွ နဂါးအိုင်ကိုပါ ပူတောင်းရွာ ဘုန်းတော်ကြီးကျောင်း၌ အများပြည်သူကောင်းမှုဖြင့် တည်ဆောက်လှူဒါန်းခဲ့ကြပြီးဖြစ်ပါသည်။