အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားဖြင့် ဒေသခံပြည်သူ ၆၄၀၂ ဦး လျှပ်စစ်ဓာတ်အား ၂၄ နာရီ သုံးစွဲနေပြီဖြစ်

Listing Description

ပူတာအို ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ၂၀၁၈ ခုနှစ် ဇွန်လတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ ယခုအခါ အထက်နမ့်ထွမ်ရေအား လျှပ်စစ်စက်ရုံမှ ဖြန့်ဖြူးသည့် ဓာတ်အားဖြင့် ဒေသခံပြည်သူ အိမ်ထောင်စုပေါင်း ၆၄၀၂ ဦး လျှပ်စစ်ဓာတ်အား ၂၄ နာရီသုံးစွဲနေပြီဖြစ်ကြောင်း သိရသည်။

မြို့နှစ်မြို့၊ ရွာပေါင်း ၅၄ ရွာ

ပူတာအိုမြို့ကို ၁၉၅၇ ခုနှစ်မှစတင်ပြီး ဒီဇယ်ဓာတ်အားပေးစက်ဖြင့် မီးပေးခဲ့ကြောင်း၊ ၁၉၈၇ ခုနှစ်တွင် အောက်နမ့်ထွမ်ရေအားလျှပ်စစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များကို တိုးချဲ့ဓာတ်အားပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံကို ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ပူတာအိုမြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများ၊ မချမ်းဘော့မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများကို ၂၄ နာရီ တိုးချဲ့ ဓာတ်အားပေးနေပြီဖြစ်ကြောင်း၊ အထက်နမ့်ထွမ်ရေအားလျှပ်စစ် စက်တပ်ဆင်အားမှာ ၈၀၀ ကီလိုဝပ်လေးလုံးဖြစ်ပြီး စုစုပေါင်း ၃ ဒသမ ၂ ကီလိုဝပ်ဖြစ်ကြောင်း၊ ၎င်းစက်ရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်းကို ပူတာအိုဖီဒါနှင့် မချမ်းဘော့ဖီဒါဟူ၍ ဖီဒါနှစ်ခုခွဲကာ မြို့နှစ်မြို့၊ ရွာပေါင်း ၅၄ ရွာသို့ (၁၁)ကေဗွီလိုင်း(၆၇)မိုင်၊ (၁၁/၀.၄)ကေဗွီ ထရန်စဖော်မာ ၇၃ လုံးဖြင့် ဓာတ်အားဖြန့်ဖြူး လျက်ရှိကြောင်း၊ ယခုအခါ ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်အတွင်းရှိ ပြည်သူများလျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာ ၂ ဒသမ ၂ မဂ္ဂါဝပ်အထိ ရှိနေပြီဖြစ်ကြောင်း ပူတာအိုမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးကြည်လင်ထံမှ သိရသည်။

အဆိုပါ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ပူတာအိုမြို့နယ်အတွင်းရှိ မြို့ပေါ် ၁၀ ရပ်ကွက်၊ ကျေးရွာ ၄၂ ရွာ မီးသုံးစွဲသည့်အိမ်ထောင်စုဦးရေ ၅၄၀၀ နှင့် မချမ်းဘော့မြို့နယ် အတွင်းရှိ မြို့ပေါ်လေးရပ်ကွက်၊ ကျေးရွာ ၁၂ ရွာမီးသုံးစွဲသည့် အိမ်ထောင်စုဦးရေ ၁၀၀၂ ဦး စုစုပေါင်းမီးသုံးစွဲသည့် အိမ်ထောင်စုပေါင်း ၆၄၀၂ ဦးအထိ သုံးစွဲနေပြီဖြစ်ပြီး အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိမှုကြောင့် ပူတာအိုဒေသရှိ ဒေသခံ ပြည်သူများ၏

လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနေပြီဖြစ် ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)