နေ့စဉ်ရေဂါလန် သန်း ၄၀ ပေးဝေမည့်လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း ၇၈ ရာခိုင်နှုန်းအထိ ပြီးစီးနေ

Listing Description

ရန်ကုန်  ဒီဇင်ဘာ  ၂၀

ရန်ကုန်မြို့ ဒဂုံမြို့သစ် လေးမြို့နယ်အပါအဝင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်များသို့ ​ နေ့စဉ်ရေပေးဝေမည့် လဂွန်းပြင်ရေပေးဝေရေး        စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုသည်   ယခုအခါ  ၇၈ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း   ရန်ကုန်မြို့တော်   စည်ပင် သာယာရေးကော်မတီမှ သိရသည်။

“ကျွန်တော်တို့ ဒီစီမံကိန်းက  ၂၀၂၂ ခုနှစ်မှာ အားလုံးပြီးစီးဖို့ လျာထားဆောင်ရွက်နေတာပါ။   ဒီစီမံကိန်းပြီးစီးသွားရင်တော့ တစ်နေ့ကို ရေဂါလန် သန်း ၄၀ ပေးဝေနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ တော့ ၇၈ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရေပေးဝေ နေမှုကတော့ ဒီနှစ် ရေလှောင်ကန်ကြီးတွေမှာ ရေဝင်မှုနည်းတဲ့အတွက် ရေသုံးစွဲသူပြည်သူတွေအနေနဲ့   ရေကို   ချွေတာသုံးစွဲဖို့လိုအပ်သလို ကျွန်တော်တို့ဘက်ကလည်း  ရေလေလွင့်ဆုံးရှုံးနိုင်တဲ့  နေရာတွေကို လိုက်လံကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု  ရန်ကုန်မြို့  ရေရရှိ ရေးနှင့်   ရေပေးဝေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ   ဦးစိန်အုန်းက ပြောသည်။

အဆိုပါစီမံကိန်းကန်ထရိုက်လုပ်ငန်းများကို    ၂၀၁၈  ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  ၂၀၂၂ ခုနှစ် မတ်လတွင် စီမံကိန်းပြီးစီးရန်  ခန့်မှန်းထားကြောင်း၊  လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ်ရေဂါလန် သန်း ၄၀ ပေးဝေနိုင်မည်ဖြစ်ပြီး  ရေပေး ဝေရေးဇုန်-၇ ဖြစ်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် (အရှေ့ပိုင်း)သို့ နေ့စဉ် ရေဂါလန် ၁၃ သန်း၊  ရေပေးဝေရေးဇုန်-၈ ဖြစ်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် (ဆိပ်ကမ်း)သို့ နေ့စဉ် ရေဂါလန် ၁၄ သန်း၊ ရေပေး ဝေရေး ဇုန်-၂ တွင် ပါဝင်သည့်  သာကေတနှင့် ဒေါပုံသို့ နေ့စဉ် ရေဂါလန် သုံးသန်း၊ သီလဝါအထူးစီးပွားရေးဇုန်သို့ နေ့စဉ်ရေဂါလန် ၁၀ သန်း အသီးသီး ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းမှာပါဝင်​သော ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်းကို YCDC မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း၊ ၎င်း ရေသန့်စင်စက်ရုံသည် အမှတ်-၂ လမ်းနှင့် အမှတ်-၇ လမ်းဆုံအနီးတွင် တည်ရှိပြီး လဂွန်းပြင်ဆည်ရေကို ရယူသန့်စင်မည်ဖြစ်၍ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ စီမံကိန်း၏ ကျန်အပိုင်းများကိုJICA,ODA,LOAN တို့နှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေပို့ပိုက်လိုင်းအရှည် ၂၇ ဒသမ ၄ မိုင်၊ ရေဖြန့်ဝေပိုက်လိုင်းအရှည် ၁၇၉ ဒသမ ၆ မိုင်ရှိကြောင်း၊ ပိုက်အရွယ်အစား များကတော့ အသေးဆုံးအချင်း 100 mm မှ   အကြီးဆုံးအချင်း 1000 mm  အထိ  ပိုက်အရွယ်စုံပါဝင်ကြောင်း၊  ရေပို့ပိုက်လိုင်းများ တည်ဆောက်ပြီးဖြစ်ကြောင်း။

၂၀၂၂ ခုနှစ် မတ်လတွင်  စီမံကိန်းအားလုံး  ပြီးစီးမည်

ရေဖြန့်ဝေပိုက်လိုင်းနှင့်   DMA ပိုက်လိုင်းကွန်ရက်များ တည်ဆောက် ဆဲဖြစ်ကြောင်း၊   DMA ပိုက်လိုင်းကွန်ရက်ပေါင်း   ၅၆ ခု တည်ဆောက် ထားခြင်းဖြစ်ကြောင်း၊   သီလဝါအထူးစီးပွားရေးဇုန်သို့   ရေပေးပို့မည့်   ပဲခူးမြစ် အောက်ဖြတ် ရေပို့ပိုက်လိုင်းဆက်သွယ်သော လုပ်ငန်းမှာလည်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၈ ရာခိုင်နှုန်းကျော်ပြီးစီးနေ ပြီး  ရေဖြန့်ဝေပေးနိုင်သောနေရာများကို စမ်းသပ်ပေးဝေရင်းဖြင့် ၂၀၂၂ ခုနှစ် မတ်လတွင်  စီမံကိန်းအားလုံး  ပြီးစီးမည်ဖြစ်သည်။

JICA  Apraisal Mission မှ အဆိုပါစီမံကိန်းအတွက် ချေးငွေရရှိနိုင်ရေး YCDC  နှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ကို ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ဆောင်ရွက်ခဲ့ရာ တစ်နှစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် မြန်မာနှင့်ဂျပန် နှစ်နိုင်ငံအစိုးရများအကြား Exchange of Note နှင့်  Loan Agreement များကို  လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း၊ ချေးငွေပမာဏ  ဂျပန်ယန်း ၂၃ ဒသမ ၆၈၃ ဘီလီယံဖြစ်ပြီး အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်းနှင့် ချေးငွေပြန်ဆပ်ရမည့် ကာလနှစ်ပေါင်း ၄၀ ဖြစ် ကြောင်း သိရသည်။  
                                                        
    မြင့်မောင်