သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေး

Listing Description

သန်လျင်   နိုဝင်ဘာ  ၉

၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်က စတင် ကျင်းပရာ  သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်  ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများ၌ နံနက် ၆ နာရီမှစ၍  ဆန္ဒမဲပေးကြမည့် ပြည်သူများ စနစ်တကျ တန်းစီ၍ ဆန္ဒမဲပေးကြသည်။

သန်လျင်မြို့နယ်၏  ဆန္ဒမဲပေးနေမှု  အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်နှင့်   ကော်မရှင်အဖွဲ့ဝင်များ၊    မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ    ဦးဇော်မင်းသန်းနှင့် အဖွဲ့ဝင်များက  မဲရုံအသီးသီးသို့ လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များ ကူညီ ဆောင်ရွက်ပေးကြသည်။

သန်လျင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၅  အုပ်စုတွင် မဲရုံပေါင်း ၂၂၉ ရုံ၌  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၂၂၂၂၇၅ ဦးရှိပြီး  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့်အညီ   ကိုယ်ပူချိန်တိုင်းခြင်း၊  နှာခေါင်း စည်းများပေးခြင်း၊ လက်သန့်ဆေးရည်များ  ထားရှိပေးခြင်း၊ သတ်မှတ်အကွာ အဝေးအတိုင်း မဲပေးနိုင်ရန်  စီစဉ်ပေးခြင်းတို့ကို မဲဆန္ဒရှင်များ အခက်အခဲမရှိစေ ရေးတို့အတွက် ဖွဲ့စည်းပေးထားသော   တာဝန်ရှိသူများက  ကူညီဆောင်ရွက် ပေးကြသည်။

သန်လျင်မြို့နယ် အုပ်ဖိုစု ရပ်ကွက်  မဲရုံအမှတ်(၁)တွင်  ဆန္ဒမဲလာရောက် ပေးသူ   ဒေါ်သီတာက  မဲလာပေးသည့်အခါ   တာဝန်ရှိအဖွဲ့အစည်းအဆင့်ဆင့်က   စနစ်တကျကူညီဆောင်ရွက်ပေးမှုကြောင့် မိမိနှစ်သက်သည့် ပါတီကို လွတ်လပ်စွာ  ဆန္ဒမဲပေးခွင့်ရခဲ့ကြောင်း၊  တိုင်းပြည်ကို  တကယ်စွမ်းဆောင်ပေးမည့် ကိုယ်စားလှယ်အား  ရွေးချယ်ပေးကြောင်း ပြောသည်။

သန်းဝင်း(သန်လျင်)