လန်ပိကျွန်းအနီးတစ်ဝိုက်၌ ကျောက်ငါးများ ရေပေါ်တွင်မျောနေမှုကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေး

Listing Description

ကော့သောင်း   နိုဝင်ဘာ   ၁၆

ကော့သောင်းခရိုင် အဏ္ဏဝါအမျိုးသားဥယျာဉ် လန်ပိကျွန်း အနီးတစ်ဝိုက်မှ   ကျွန်းများဖြစ်သည့်   ကိုဖော့အော်နှင့် ညောင်ဝီးကျွန်းတစ်ဝိုက် ပင်လယ်ပြင်အတွင်း၌ ကျောက် ငါးများ  ရေပေါ်တွင်  အရှင်မျောပါနေသည့်  ဖြစ်စဉ်နှင့် စပ်လျဉ်း၍   ကော့သောင်းခရိုင်   ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက   နိုဝင်ဘာ  ၁၅  ရက်က   ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

ကျောက်ငါးတစ်မျိုးတည်း အများဆုံးတွေ့ရ

ကွင်းဆင်းစစ်ဆေးမှုများအရ ပင်လယ်ပြင်အတွင်း အရှင်မျောပါနေသည့် ငါးများအနက် ကျောက်ငါးတစ်မျိုး တည်း အများဆုံး တွေ့ရခြင်း၊ ဒဏ်ရာဒဏ်ချက်မရှိခြင်း၊ မျောပါနေချိန်တွင်     အသက်ရှင်လျက်ရှိပြီး    အမြီးနှင့် ရေယက်များ လှုပ်ခတ်နိုင်ခြင်း၊ အာခေါင်သည် အဝါရောင် သန်းလျက်ရှိပြီး ဆီဖောင်းပြူထွက်နေမှု မရှိခြင်း၊ နံနက်ပိုင်း အချိန်တွင် ဆယ်ယူရရှိသော ကျောက်ငါးကို ပင်လယ်ရေ ဖြင့်ထည့်ထားရာ ရှစ်နာရီခန့်အထိ အသက်ရှင်နေခြင်း၊ သေဆုံးချိန်တွင် ပါးဟက်အရောင်ပြောင်းသွားခြင်း စသည့် အချက်များကို တွေ့ရှိရကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန့်ဇင်က  ပြောကြားသည်။

အလားတူဖြစ်စဉ်များ မတွေ့ရ

ထို့အပြင် ငါးများ ရေပေါ်တွင်မျောနေမှုဖြစ်ပွားသည့် နေရာသည်  လတ္တီတွဒ်  ၁၀ ဒီဂရီ ၃၀ မိနစ်နှင့်  ၄၀ မိနစ် ကြား၊  လောင်ဂျီတွဒ် ၉၈ ဒီဂရီ  ၁၀ မိနစ်နှင့်  ၁၈ မိနစ် အကြား၊  အထူးသဖြင့်  လတ္တီတွဒ် ၁၁ ဒီဂရီ ၁၀ မိနစ်နှင့် ၂၈ မိနစ်ကြား၊ လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၀၃ မိနစ်နှင့် ၀၅ မိနစ်ကြား နေရာများတွင်သာ အများဆုံးတွေ့ရှိရကြောင်း၊ ကျန်ဒေသများတွင် မတွေ့ရှိရသလို အနီးအနားမှရွာများရှိ ချောင်းအတွင်း  လှောင်အိမ်များဖြင့်  မွေးမြူထားသည့် ကျောက်ငါးများတွင်လည်း အလားတူဖြစ်စဉ်များ မတွေ့ရ ကြောင်း   ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးက   ဆက်လက် ပြောကြားသည်။

ကျန်းမာရေးထိခိုက်မှုလက္ခဏာ တစ်စုံတစ်ရာမပြ

ကျောက်ငါးများ  ယခုလို  အသက်ရှင်လျက်  ရေပေါ် တွင် မျောပါနေမှုကြောင့် ဒေသခံအချို့အနေဖြင့် စိုးရိမ်မှု မြင့်တက်လျက်ရှိသော်လည်း  ထိုသို့ ရေပေါ် ပေါ်လာသည့် ငါးများကို ဖမ်းယူ၍ ချက်ပြုတ်စားသောက်သူများအနေဖြင့် ကျန်းမာရေးထိခိုက်မှုလက္ခဏာ တစ်စုံတစ်ရာမပြကြောင်း သိရသည်။

ယခင်နှစ် မိုးနှောင်းကာလအတွင်းက ညောင်ဝီးကျွန်း အနီးဝန်းကျင်၌ ယခုလို ကျောက်ငါးများ ပေါ်သည့်ဖြစ်စဉ် ဖြစ်ပွားဖူးသော်လည်း ယခုလောက် အကောင်ရေမများကြောင်း၊ ပင်လယ်ကြမ်းပြင် ရေချိုစီးကြောင်းကြောင့်သော် လည်းကောင်း၊ ကျောက်ငါးများနှင့် ဓာတ်မတည့်သော ဖြစ်ပွားမှု တစ်စုံတစ်ရာကြောင့်သော်လည်းကောင်း ယခုကဲ့သို့ ကျောက်ငါးများ ရေပေါ်တွင် အသက်ရှင်လျက် မျောနေခြင်းဖြစ်နိုင်ကြောင်း ကော့သောင်းဒေသခံများက ခန့်မှန်းပြောဆိုလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရေးအတွက် ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ကျောက်ငါး နမူနာနှစ်ကောင်နှင့်(ရေအနက်မီတာ အလိုက်)  ရေနမူနာ သုံးဘူးတို့ကို ရန်ကုန်မြို့ရှိ  အနုစိတ် သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများဌာန၊ ငါးရောဂါဌာနနှင့် ရေအရည်အသွေး စစ်ဆေးရေးဌာနများသို့ ဓာတ်ခွဲ သုတေသနပြုရန် ပေးပို့ထားကြောင်းလည်း ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ကျော်စိုး(ကော့သောင်း)