ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ

Listing Description

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁၀) မြောက်ရပ်ကွက်၊ ရှုခင်းသာလမ်း၊ ရန်ကုန်-သန်လျင် အမှတ်(၁) တံတားအနီး၊ ပဲခူးမြစ်ကမ်းနံဘေးတွင် တည်ရှိပါသည်။ မြေအကျယ်အဝန်း ၁၁၇ ဧက ကျယ်ဝန်းကာ ၁၉၉၄ ခုနှစ်၊ ဧပြီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း သမိုင်းအစဉ်အဆက် မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်သည့် နေရာဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့၏ တိုင်းရင်းသား ရိုးရာ နေအိမ်များနှင့် ရိုးရာလက်မှုပစ္စည်းများ၊ ဒေသတစ်ခုချင်းစီ၏ အထိမ်းအမှတ် နေရာပုံစံငယ်များ၊ တိုင်းရင်းသားရိုးရာအစားအစာဆိုင်များနှင့် အပန်းဖြေရန်နေရာများဖြင့် လေ့လာလည်ပတ် အပန်းဖြေနိုင်သည့် နေရာတစ်ခုဖြစ်ပါသည်။ ထို့အပြင် အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်း ပြည်ထောင်စုခန်းမအတွင်း၌ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေလျက်ရှိပါသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် နေ့စဉ် နံနက် (၇) နာရီမှ ညနေ(၅:၃၀) နာရီအထိ ဖွင့်လှစ်ပါသည်။