ခင်သန်းနု

Listing Description

ခင်သန်းနုသည် ဒီဇင်ဘာလ ၇ရက် ၁၉၄၅ ခုနှစ်၊ ပျဉ်းမနားမြို့နယ်၊ အောင်းကုန်းကျေးရွာ၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မင်းသမီးကြီးမေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သည်။

တင့်လှပေဟန် ရိုက်ကူးနေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က ချစ်သောသူ တစ်ယောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပြန်ပါသည်။ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ဝင်းဦးတို့နှင့် တွဲဖက် ပါဝင်ရမှာ ဖြစ်သည်။ စာရေးဆရာ ဝင်းဦးသည်လည်း မြတ်မော်ဦးရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးနေတဲ့ နှစ်ယောက်တည်းနေချင်တယ် ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နဲ့ ရိုက်ကူးနေဆဲ ဖြစ်သည်။

ချစ်သောသူတစ်ယောက် ဇာတ်ကားသည် ဝင်းဦးရော ခင်သန်းနုပါ ဒုတိယမြောက် လက်ခံခဲ့ကြတဲ့ ရုပ်ရှင်ကားဖြစ်ပေမယ့် ပထမကားများက နောက်ကျပြီး ချစ်သောသူတစ်ယောက်က အရင် ရုံတင်နိုင်ခဲ့သည်။ ထို့ကြောင့် ဝင်းဦးနှင့် ခင်သန်းနုတို့၏ ပွဲဦးထွက် ဇာတ်ကားဟု ဆိုနိုင်သည်။

ထိုကားများကစ၍ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးလာသော ခင်သန်းနုသည် ထိုခေတ်က ရေပန်းစားနေဆဲ ဖြစ်သည့် ရွှေဘ၊ တင်ညွန့်တို့နှင့် တွဲဖက်ပြီး မြေကြီးနဲ့ ရွှေထီး ရိုက်ကူးခဲ့သေးသည်။ ရုပ်ရှင် လောကတွင် မင်းသား အတော် များများနှင့် တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူတစ်ယောက်ဖြစ်သည်။ ရွှေဘ၊ တင်ညွန့်၊ ဝင်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ်အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်တွင်ာ အေဝမ်း ရုပ်ရှင်မှ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူး ခဲ့သော "ကိုယ်ရယ်တိုးရယ် စိုးစိုးရယ်" ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ဗိုလ်မှူးကြီးမောင်မောင်ခင်နှင့် အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့သည်။

ရုပ်ရှင်လောကတွင် သရုပ်ဆောင်တစ်ဦး အဖြစ် နာမည်ကြီးလာသော ကျော်ဟိန်းနဲ့လည်း  ဇာတ်ကားပေါင်း များစွာ တွဲဖက် ပါဝင်သရုပ် ဆောင်ခဲ့သည်။ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကညာပျိုနဲ့ ဇရာအို အစရှိသော ကားများမှာ သူတို့နှစ်ဦး၏ နာမည်ကြီး ကားများ ဖြစ်ခဲ့သည်။

မယ်ဘွဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခါစ အချိန်တွင် ၂ဝ ရာစု ကိုကျော်ညွန့်၏ ဖိတ်ခေါ်မှုဖြင့် မြန်မာ့အသံ၌ သီချင်းတစ်ပုဒ် သီဆိုခဲ့ဖူးသည်။ ထိုသီချင်း နာမည်မှာ နှောင် ဟုအမည် ရပြီး ဓာတ်ပြားရ သီချင်း တစ်ပုဒ်လည်း ဖြစ်ခဲ့သည်။ 

ဝင်းဦး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သော မှုံရွှေရည် ဇာတ်ကားမှာ အောင်မြင်သော ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပြီး ခင်သန်းနုက မင်းသမီး မှုံရွှေရည် အဖြစ် ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သဖြင့် အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိလိမ့်မယ်ဟု ပရိတ်သတ်များက မျှော်လင့်ခဲ့ ကြသော်လည်း ၁၉၇ဝ ပြည့်နှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာမှာ အမျိုးသားဇာတ်ဆောင် ဝင်းဦးသာလျှင် မှုံရွှေရည် ဇာတ်ကားဖြင့် ထူးချွန်ဆု ရရှိခဲ့သည်။

၁၉၉ဝ ပြည့်နှစ်တွင် ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးသော ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။ မှုံရွှေရည်၏အဆက်ဖြစ်သော ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရာတွင် ရိုက်နေဆဲအချိန်ာ ဝင်းဦး ကွယ်လွန်သွာသဖြင့် ကျန်အပိုင်းများကို ဒါရိုက်တာကြည်စိုးထွန်းက ဆက်လက်ရိုက်ကူးခဲ့ပြီး ဝင်းဦး နေရာတွင် ရန်အောင်က သရုပ် ဆောင်ခဲ့သည်။ 

၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးကြီး မောင်မောင်ခင်နှင့် ကွာ ရှင်းပြတ်စဲပြီးဖြစ်သော ခင်သန်းနုသည် ဒေါက်တာမြတ်သူရစိုး နှင့် ဒုတိယအိမ်ထောင် တည်ထောင်ခဲ့သည်။ သမီးလေး မြတ်သန်းနုစိုး မွေးဖွားခဲ့ပြန်သည်။ သမီးလေးကိုယ်ဝန် ဆောင်စဉ်ကာလ အတွင်း ဒါရိုက်တာ မီးပွား ရိုက်ကူးသော သမီးတစ်ကောင် နွားတစ်ထောင် ဗီဒီယိုကားကို သရုပ်ဆောင်ခဲ့သည်။

ထိုနောက်ပိုင်းတွင် ခင်သန်းနုသည် သူမအရွယ်နှင့် လိုက်ဖက်သော အမေခန်းများတွင် ပါဝင် သရုပ်ဆောင်လာသည်။ ၂၀၀ဝ ပြည့်နှစ်တွင် ဒါရိုက်တာ ခင်မောင်ဦး၊ စိုး သိမ်းထွဋ်တို့ ရိုက်ကူးသော သမီးရှင် ဇာတ်ကား၌ သမီးများကိုမွေးထားသော အမေ အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်မှုကြောင့် တတိယမြောက် ထူးချွန်ဆုအဖြစ် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ၎င်းဆု အပါအဝင် ခင်သန်းနုသည် အကယ်ဒမီ သုံးထပ်ကွမ်းဆုရှင်ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၁၉၀ ကျော်ခန့်ရိုက်ကူးခဲ့သည်ဟု သိရပြီး လက်ရှိအချိန်တွင် မျိုးဆက်သစ်အနုပညာကြယ်ပွင့်ကလေးများကို ကြိုဆိုရင်း ရုပ်ရှင်သင်တန်းများ၌ သူမတတ်ကျွမ်းသော ပညာရပ်များကို မျှဝေဟောပြောရင်းဖြင့် ကျန်းမာစွာနေထိုင်လျက်ရှိသည်။