စည်သူလွင်

Listing Description

စည်သူလွင်ကို ၁၉၇၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ကာတွန်းငွေကြည်နှင့် ဒေါ်ကြွယ်တို့၏ တစ်ဦးတည်းသောသား ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။

၁ဝ တန်း အောင်မြင်ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ဦးစောနု သီချင်းဆိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ တင်ဇာမော် နှင့်အတူ ပြိုင်ပွဲတွင် ဆုရခဲ့သည်။ ဆုရရှိပြီးနောက် ၁၉၉၅ ခုနှစ်တွင် သူ၏ ပထမဆုံး တေးစီးရီးခွေဖြစ်သော “ချစ်သူများရဲ့နေ့” တေးစီးရီးခွေ ထွက်ရှိခဲ့သည်။ ယင်းအခွေတွင် တေးသီချင်းပေါင်း ၁၀ ပုဒ်ပါဝင်ပြီး အသည်းကွဲည၊ အတိတ်အိပ်မက်၊ ကိုယ့်ကြောင့် စသည့်သီချင်းများမှာ ပရိတ်သတ်များအကြား ရေပန်းစားခဲ့သည်။ 

၂၀၁၀ ဒီဇင်ဘာလတွင် မနွယ်မာကျော်နှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦးထွန်းကားခဲ့သည်။

တစ်ကိုယ်တော်စီးရီး မထွက်ခင်ကာလတွင် သင်္ချာမေဂျာ အဓိကဖြင့် တက္ကသိုလ် တက်ရောက်ချိန်တွင်လည်း ကျောင်းပွဲများတွင် ဝါသနာတူ သူငယ်ချင်းများဖြင့် ဖွဲ့ထားသော Rock Devil တီးဝိုင်း၊ ဟာရီကိန်းတီးဝိုင်း စသည့် တီးဝိုင်းများနှင့် သီဆိုဖျော်ဖြေခဲ့ပြီး အချို့ တီးဝိုင်းများတွင် အတီးသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။၂၀၁၄ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော် Show ပွဲပြုလုပ်ခဲ့ပြီး ယင်းပွဲကို တင်ဇာမော်၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့်၊ အိမ့်ချစ်၊ နေနေ စသည့် အဆိုတော်များက အားဖြည့်သီဆိုဖျော်ဖြေခဲ့သည်။

စည်သူလွင်သည် ချစ်သူများရဲ့နေ့ စီးရီးဖြင့် အောင်မြင်လာခဲ့ကာ တစ်ကိုယ် တော်ခွေခြောက်ခွေ၊ အမှတ်တရစီးရီးတစ်ခွေနှင့် အတွဲခွေပေါင်းများစွာကို သီဆိုခဲ့သည်။ ထို့အပြင် ကုန်ပစ္စည်း ကြော်ငြာများ၊ ဗီဒီယိုနှစ်ကားနှင့် နှုတ်ခမ်းထက်ကဓားသွား ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

X- FACTOR သီချင်းဆိုပြိုင်ပွဲတွင် ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

တစ်ကိုယ်တော် အယ်လ်ဘမ်များ

ချစ်သူများရဲ့နေ့

အလင်းလက်ဆောင်

အကောင်းဆုံးတေးများ

လူနှင့် ဒိုင်ယာရီ

နွေဦးကဗျာ

ညအပြင်းစား