လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ရန်ကုန်မြို့နေပြည်သူများအတွက် နေ့စဉ် ရေဂါလန် သန်း ၄၀ ပေးဝေမည်

Listing Description

ရန်ကုန်  ဒီဇင်ဘာ ၁၆

လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသည် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ဒဂုံမြို့သစ်  လေးမြို့နယ်နှင့်  သာကေတ၊ ဒေါပုံမြို့နယ်များသို့   ရေပေးဝေမည့်    စီမံကိန်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် မြန်မာ၊ ဂျပန် နှစ်နိုင်ငံအစိုးရတို့မှ Exchange of Note နှင့် Loan Agreement များကို လက်မှတ်ရေးထိုးခဲ့ သည်။ ချေးငွေပမာဏသည် ဂျပန်ယန်း ၂၃  ဒသမ ၆၈၃ ဘီလီယံဖြစ်ပြီး အတိုးနှုန်းမှာ ၀  ဒသမ ၀၁ ရာခိုင်နှုန်းဖြစ် သည်။ ချေးငွေပြန်ဆပ်ရမည့်ကာလမှာ နှစ် ၄၀ ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် မြေပြင်ကွင်းဆင်းတိုင်းတာခြင်း၊ အသေးစိတ်ဒီဇိုင်းများ တွက်ချက်ရေးဆွဲခြင်း များကိုဆောင်ရွက်ခဲ့ပြီး တင်ဒါခေါ်ယူ၍ လုပ်ငန်းဆောင်ရွက်မည့် ကန်ထရိုက်တာများကို   JICA Guideline နှင့်အညီ အဆင့်ဆင့် စိစစ်ရွေးချယ်စာချုပ်ချုပ်ဆိုခြင်းများကို နှစ်နှစ် ကြာ ဆောင်ရွက်ခဲ့သည်။  ကန်ထရိုက်တာလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင်  စတင်ဆောင်ရွက်ခဲ့ပြီး  ၂၀၂၂ ခုနှစ် မတ်လတွင် စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားသည်။

လဂွန်းပြင်     ရေပေးဝေရေးစီမံကိန်းသည်    နေ့စဉ် ရေဂါလန် သန်း ၄၀  ပေးဝေနိုင်မည်ဖြစ်ရာ  ရေပေးဝေရေး ဇုန် (၇)ဖြစ်သည့် ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ နေ့စဉ် ရေဂါလန် ၁၃ သန်း ၊ ဇုန် (၈)ဖြစ်သည့် ဒဂုံမြို့သစ် တောင်ပိုင်းနှင့်  ဆိပ်ကမ်းမြို့နယ်သို့   နေ့စဉ်  ရေဂါလန် ၁၄ သန်း၊ ဇုန် (၂) ဖြစ်သည့်  သာကေတနှင့်  ဒေါပုံသို့ နေ့စဉ် ရေဂါလန်   သုံးသန်း၊    သီလဝါ  အထူးစီးပွားရေးဇုန်သို့ ရေဂါလန် ၁၀ သန်း ပေးဝေသွားမည်ဖြစ်သည်။

ဇုန်အလိုက် ရေပေးဝေရေးစနစ်တွင် ရေဖြန့်ဖြူးပေးဝေ ရေး ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံများ တည်ဆောက် သွားမည်ဖြစ်ပြီး ရေလှောင်ကန်များမှ ဇုန်အလိုက် ရေဖြန့် ဖြူးပေးဝေသွားမည်ဖြစ်သည်။ ဇုန်အတွင်းရှိ ရေဖြန့်ဖြူး ပေးဝေရေး ပိုက်လိုင်းကွန်ရက်များကို ရေဖိအားညီမျှစွာပေးဝေနိုင်ရန်အတွက် Supervisory Control and Data Acquisition System  ကို အသုံးပြုသွားမည်ဖြစ်သည်။

Service Reservoir နှင့် Pumpinng Station များကို ရေပေးဝေရေးဇုန် (၇)အတွက် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၃၁ ရပ်ကွက်တွင် တည်ဆောက်ထားသည်။ ရေဂါလန်     ၄ ဒသမ ၆ သန်းဆံ့ပြီး တစ်နာရီလျှင် ရေဂါလန် ခုနစ်သိန်း ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။ ဇုန် (၈)အတွက် ဒဂုံမြို့သစ်      (ဆိပ်ကမ်း ) မြို့နယ် ၆၉ ရပ်ကွက်တွင် တည်ဆောက်ထား သည်။ ရေဂါလန်ခြောက်သန်းဆံ့ပြီး တစ်နာရီလျှင် ရေဂါလန် ၁၁ သိန်းနှင့် သီလဝါအထူးစီးပွားရေးဇုန်အတွက် တစ်နာရီ လျှင် ရေဂါလန် ၃  ဒသမ ၈ သိန်း ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။ ရေတွန်းစက်များ လည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အားခွဲရုံများ ကို  တည်ဆောက်ထားပြီးဖြစ်သည်။  YRSC မှ  လျှပ်စစ်       ဓာတ်အားရရှိမည်ဖြစ်၍    ရေတွန်းစက်များ   စမ်းသပ် လည်ပတ်နိုင်မည်ဖြစ်သည်။

စီမံကိန်းတွင်   ပါဝင်သည့်   ရေသန့်စင်စက်ရုံ  တည် ဆောက်ခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ဆောင်ရွက်ပြီး ယခုအခါ စမ်းသပ်လည်ပတ် နေပြီဖြစ်သည်။ အဆိုပါ ရေသန့်စင်စက်ရုံသည် အမှတ် ၂ လမ်းမကြီးနှင့် အမှတ် ၇ လမ်းမကြီးတို့၏ လမ်းဆုံအနီးတွင် တည်ရှိသည်။  ရေပိုက်လိုင်းအရှည်မှာ ၂၇  ဒသမ ၄ မိုင် ၊ ရေဖြန့်ဝေပိုက်လိုင်းအရှည်မှာ ၁၇၉ ဒသမ  ၆ မိုင်ရှိသည်။ ရေပို့ပိုက်လိုင်းများ တည်ဆောက်ပြီးဖြစ်သည်။ ရေဖြန့်ဝေ ပိုက်လိုင်းနှင့် ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက် ၅၆ ခုတို့မှာ   တည်ဆောက်ဆဲဖြစ်သည်။   သီလဝါအထူး စီးပွားရေးဇုန်သို့ ရေပေးပို့မည့် ပဲခူးမြစ်အောက်ဖြတ်ရေပို့ပိုက်လိုင်း ဆက်သွယ်သောလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သည်။ ရေပေးဝေရေးစီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။ ပြီးစီးသည့် ရေဖြန့် ဝေပေးနိုင်မည့်နေရာများကို  စမ်းသပ်ပေးဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်  မတ်လတွင်   စီမံကိန်းတစ်ခုလုံး  ပြီးစီးမည် ဖြစ်သည်။  ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ    လဂွန်းပြင် ဆည်ရေကို ရယူသန့်စင်သည့်အတွက် လဂွန်းပြင် ရေပေး ဝေရေးစီမံကိန်းဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရသည်။

လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို JICA ODA  LOAN ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ချေးငွေများပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။   သီလဝါအထူးစီးပွားရေးဇုန်သို့ နေ့စဉ် ရေဂါလန် ၁၀ သန်း ရောင်းချရငွေနှင့် ရေသုံးစွဲသူ ပြည်သူများထံမှ  ရရှိမည့်ရေဖိုးရေခများဖြင့်    ပြန်လည် ပေးဆပ်မည်ဖြစ်သည်။

အောင်သူရ၊ ဓာတ်ပုံ - YCDC