သာကေတမိကျောင်းမွေးမြူရေးစခန်း

Listing Description

သာကေတမိကျောင်းမွေးမြူရေးစခန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ စက်မှုဇုန်ရပ်ကွက်၊ မြခွာညိုလမ်း၊ ပုစွန်တောင်ချောင်းအနီးတွင် တည်ရှိပါသည်။ သာကေတမိကျောင်း မွေးမြူရေးစခန်းကို ၁၉၇၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် အပန်းဖြေစခန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။ ဧက ၄၀ ကျော်ကျယ်ဝန်းသော သာကေတမိကျောင်းမွေးမြူရေးစခန်းတွင် တစ်ပေအရွယ်မှ ၁၀ ပေ အထက် အရွယ်စုံမိကျောင်းကောင်ရေ ၅၅၀ ကျော် မွေးမြူထားပါသည်။ မြန်မာနိုင်ငံတွင် မိကျောင်းအမျိုးအစားများကို လေးမျိုးခန့်တွေ့နိုင်ပြီး ငမိုးရိပ်မိကျောင်း (crocodylus porosus)ခေါ် ရေငန်တွင်တွေ့ရသည့် အကြီးဆုံးမိကျောင်းအမျိုးအစား၊ ခေါင်းတိုမိကျောင်း (crocodylus palustris)၊ ငါးတစ်မျိုးတည်းစားသောမိကျောင်း (Garvialis gangeticus) နှင့် ရေချိုနေမိကျောင်း (crocodylus siamensis) တို့ဖြစ်ရာ သာကေတမိကျောင်းမွေးမြူရေးစခန်းတွင် ကမ္ဘာတွင် ရှားပါးစပြုနေပြီဖြစ်သော ရေငန်နေ အကြီးဆုံးမိကျောင်းအမျိုးအစားဖြစ်သည့် ငမိုးရိပ်မိကျောင်းအမျိုးအစား တစ်မျိုးတည်းကိုသာ မွေးမြူပြသထားပါသည်။ ယင်းသာကေတ မိကျောင်းမွေးမြူရေးစခန်းရှိ မွေးမြူရေးကန်အမှတ်(၁)တွင် တစ်ပေမှ သုံးပေအရှည်ရှိသော မိကျောင်းပေါက်များကို မွေးမြူပြုစုထားပြီး ကန်(၂)တွင် လေးပေမှ ခြောက်ပေအရှည်ရှိ မိကျောင်းငယ်များကို တွေ့နိုင်ပါသည်။ အရွယ်အစားကြီးမားသော မိကျောင်းအကောင်ကြီးများကိုမူ စခန်း၏ အဓိကကျသော ကန်အမှတ်(၃)သို့ ပြောင်းရွေ့မွေးမြူထားပါသည်။ သာကေတ မိကျောင်းမွေးမြူရေးစခန်းကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိဖွင့်လှစ်ပြသထားပြီး ဝင်ကြေးအနေဖြင့် လူကြီး ၅၀၀ ကျပ်၊ ကလေး အခမဲ့နှင့် နိုင်ငံခြားသား ၁၀၀၀ ကျပ်သတ်မှတ်ထားပါသည်။