အပန်းလည်းပြေ ဗဟုသုတလည်းရသည့် သာကေတ မိကျောင်းမွေးမြူရေးစခန်း

Listing Description

ရန်ကုန် ဒီဇင်ဘာ ၂၅

သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် မြခွာညိုလမ်းရှိ သာကေတ မိကျောင်းမွေးမြူ ရေးစခန်းကို ၁၉၉၇ နိုဝင်ဘာ ၆ ရက်မှစ၍ အပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး အများ ပြည်သူနှင့် နိုင်ငံခြား ခရီးသွားတို့အား ဝင်ရောက်လေ့လာကြည့်ရှုခွင့် ပြုထားသလို ရုံးပိတ်ရက်နှင့် အခါကြီးရက်ကြီးများတွင် မိကျောင်းများနှင့်အတူ ပြကွက်ခုနစ်မျိုးကို ပြသလျက်ရှိကြောင်း၊ ယခုကိုဗစ်-၁၉ကာလ တွင်မူ ဝင်ရောက်ကြည့်ရှုလေ့လာခွင့် ပိတ်ထား ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နက္ကခေါ် အင်းမိကျောင်း (Crocodylus palustris)၊ သံသုမာ/ငမိုးရိပ်ခေါ် ရေငန်မိကျောင်း (Crocodylus porosus)၊ ကုမ္ဘီလမိကျောင်း(Garvialis gangeticus)နှင့် ထိုင်းမိကျောင်း(Crocodylus siamensis) စသော မျိုးစိတ်တို့ကို တွေ့ရှိရသည့်အနက် ဧက ၄၀ ကျယ်သော ငမိုးရိပ်ချောင်းအနီးရှိ သာကေတမိကျောင်းမွေးမြူရေးစခန်းတွင် တစ်ပေ အရွယ်မှ ၁၀ ပေအထက် အရွယ်စုံ မိကျောင်း ကောင်ရေ ၅၅၀ ကျော် မွေးမြူထားကာ ကမ္ဘာပေါ်တွင် ရှားပါးစပြုနေပြီဖြစ်သော သံသုမာ/ငမိုးရိပ်ခေါ် ရေငန်မိကျောင်း တစ်မျိုးတည်းကိုသာ ထိန်းသိမ်းမွေးမြူထားကြောင်း သိရသည်။

သာကေတ မိကျောင်းမွေးမြူရေး အပန်း ဖြေစခန်းတွင် ပြသသည့် ပြကွက်ခုနစ်မျိုး အနက် အများပြည်သူ စိတ်ဝင်စားကြသည့် ပြကွက်များမှာ မိကျောင်းပါးစပ်အတွင်း ပိုက်ဆံထည့်ပြီး ထိုပိုက်ဆံကို ပြသသူက ပါးစပ်ဖြင့် ကိုက်၍ ထုတ်ယူပြသသော ပြကွက်၊ မိကျောင်းခေါင်းကို ထိပြသော ပြကွက်၊ ပါးစပ်ဟနေသော မိကျောင်းပါးစပ်အတွင်း လက်ကို ဖြတ်သန်းပြသော ပြကွက်များ ဖြစ်သည်။

ရေငန်မိကျောင်းများသည် ကုန်းမြေပေါ် တွင် သွားလာနိုင်ပြီး ရေထဲတွင်လည်း အချိန်ကြာမြင့်စွာ ငုပ်လျှိုးနိုင်၍ သက်တမ်းမှာ နှစ် ၇၀ မှ ၁၀၀ ခန့်အထိ နေထိုင်နိုင်သည်။ အထီး သည် အမထက် အရွယ်အစား ပိုကြီးပြီး ၁၀ ပေရှည်သော အမထက် သုံးပေခန့် ပိုရှည်လေ့ ရှိသည်။ ဖေဖော်ဝါရီလတွင် စတင်မိတ်လိုက် တတ်ပြီး ဧပြီလတွင် စတင်ဥချကာ တစ်ကောင် လျှင် ဥလုံးရေ ၂၀ မှ ၇၀ အထိ ဥချ၍ ရက် ၉၀ အကြာတွင် ရှစ်လက်မအရွယ်ရှိ အကောင် ပေါက်များ ပေါက်ဖွားပြီး တစ်နှစ် အကြာတွင် တစ်ပေခန့် ကြီးထွားလေ့ ရှိသည်။

သာကေတ မိကျောင်းမွေးမြူရေးစခန်းသို့ နိုင်ငံခြားသားများနှင့် ပြည်သူများ လာရောက်လေ့လာမှုရှိသဖြင့် အများပြည်သူ စိတ်ဝင် စားသော နေရာတစ်ခုအဖြစ် ဝင်ငွေ ပိုမိုရရှိ လာစေရန်အတွက် အပန်းဖြေစခန်း သန့်ရှင်း သာယာရေး ဆောင်ရွက်ခြင်း၊ ကလေးကစား ကွင်း ထားရှိပေးခြင်း၊ အပန်းဖြေ ပန်းခြံနှင့် စားသောက်ဆိုင်တန်းတို့ကို စနစ်ကျစွာ ဖွင့်လှစ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါက ဧည့်သည် များအား ပိုမိုဆွဲဆောင်နိုင်လျက် ဝင်ငွေတိုးမြင့် ရရှိနိုင်မည်ဟု သာကေတမိကျောင်းမွေးမြူ ရေးစခန်းသို့ သွားရောက်လေ့လာဖူးသူ ဦးသန်းစိုးက ပြောသည်။

သာကေတမိကျောင်းမွေးမြူရေးစခန်းကို လာမည့်နှစ်ဆန်းတွင် ပြန်လည်ဖွင့်လှစ်ပြသ နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြထားကြောင်း စခန်းတာဝန်ခံ (ဒုတိယညွှန်ကြားရေးမှူး) ဒေါက်တာ မျိုးမင်းလှိုင်က ပြောကြားသည်။

သစ္စာ