ဓာတ်ကေသာစေတီတော်

Listing Description

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထ္ထရံမြစ်နှင့် သံလွင်မြစ်ဆုံရာအနီးရှိ ထပ်ကေးကျေးရွာ၊ ထပ်ကေးတောင်တွင် တည်ရှိပါသည်။ မြတ်စွာဘုရားရှင် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွရောက်လာစဉ် ပေးအပ်ချီးမြှင့်ခဲ့သော ဆံတော်များအနက် ဂီရိပဗ္ဗဇတောင်ရသေ့သည် မိမိရရှိခဲ့သော့ ဆံတော်နှစ်ဆူကို ဌာပနာ၍ မဟာသက္ကရာဇ် ၁၁၈ ခုနှစ်တွင် ဂီရိပဗ္ဗဇတောင် (ယခု ထပ်ကေးတောင်) တွင် စေတီတည်ထားကိုးကွယ်ခဲ့သည်။ မြတ်စွာဘုရားရှင်၏ ဆံတော်ကို ဌာပနာထား၍ တည်ထားသဖြင့် စေတီတော်ကို ဓာတ်ကေသာစေတီတော်ဟု ခေါ်တွင်ခဲ့သည်။ ထို့ပြင် ဓာတ်ကေသာစေတီရှိရာ ဂီရိပဗ္ဗဇတောင်ကို ဓာတ်ကေသာတောင်ဟုလည်းကောင်း၊ ထိုမှ ဓတ်ကေတောင်၊ ထပ်ကေးတောင် စသဖြင့် ပြောင်းလဲခေါ်တွင်လာခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၂၀၇ ခုနှစ် (ခရစ်နှစ် ၁၂၀၇)တွင် စောင်းတန်း တန်ဆောင်း နှင့် ခြင်္သေ့နှစ်ကောင်ပါမုခ်ဝကို ဆောက်လုပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၃ ခုနှစ် (ခရစ်နှစ် ၁၉၃၁) တွင် သူဋ္ဌေးကြီး ဦးပန်းခင် ၏ လှူဒါန်းမှုဖြင့်လည်းကောင်း၊ သက္ကရာဇ် ၁၃၅၅ ခုနှစ်(ခရစ်နှစ် ၁၉၉၅) တွင် မိုးကုတ်မြို့မှ အလှူရှင်များ၏ မတည်လှူဒါန်းမှုဖြင့်လည်းကောင်း၊ မြန်မာသက္ကရာဇ် ၁၃၇၀ (ခရစ်နှစ် ၂၀၀၉)တွင် ဆရာတော်ကြီးများ၏ ဩဝါဒခံယူကာ ထီးတော်တင်လှူခြင်းဖြင့်လည်းကောင်း ဆံတော်ရှင် ဓာတ်ကေသာစေတီတော် ခေါ် ထပ်ကေးစေတီတော်ကို ခေတ်အဆက်ဆက်ပြုပြင် မွှမ်းမံခဲ့ကြသည်။ ယခင်က ဆံတော်ရှင်ဓာတ်ကေသာစေတီတော်သို့ မော်လမြိုင်အရှေ့ခြမ်း ညောင်ပင်ဆိပ်လှေဆိပ်မှ ပဲ့ချိတ်ဖြင့်သာ သွားရောက်ဖူးမြော်နိုင်ခဲ့သော်လည်း ယခုအခါ အထ္ထရံတံတားမှဖြတ်ကျော်ကာ ကား၊ ဆိုင်ကယ် တို့ဖြင့် တောင်ထိပ်ရှိ စေတီတော်ခြေရင်း အထိရောက်အောင် လွယ်လင့်တကူ သွားရောက်ဖူးမြော်နိုင်ပြီ ဖြစ်ပါသည်။