ဘားဘူတောင်စေတီ

Listing Description

မြောက်ဦးမြို့ သိင်္ဂနဒီချောင်း၏မြောက်ဘက် ကမ်းနဖူးရှိ နီသာတဗ္ပတတောင်ပေါ်၌ တည်ရှိသည်။ ဤတောင်တွင် အရှင်ဗာကုလမထေရ် ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီးထံမှ ဓာတ်တော်များကို ဓညဝတီသို့ပင့်ဆောင်လာစဉ် ရပ်တံ့သီတင်းသုံးနေထိုင်ခဲ့သောတောင်ဖြစ်၍ ဗာကုလတောင်ဟုလည်းခေါ်သည်။ ရှေးအခါက ပါးပူဘီလူးနေခဲ့၍ ပါးပူတောင်ဟုခေါ်တွင်ခဲ့ရာမှ ဘားဘူတောင်ဖြစ်လာသည်ဟု သိရသည်။ ဤတောင်တွင် မြတ်စွာဘုရား၏ သရီဓာတ်တော်ကို ဌာပနာ၍ ဓညဝတီပြည့်ရှင် သူရိယစက္ကမင်းက စေတီတည်ခဲ့သည်။ ထိုစေတီမှာ နှစ်ကာလကြာမြင့်လာသောအခါ ပြိုပျက်နေသဖြင့် ဘုရင်မင်းစောမွန်သည် ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ်တွင် ပြုပြင်မွမ်းမံလျက် ယခုလက်ရှိ ဘားဘူတောင်စေတီကို တည်ထားကိုးကွယ်ခဲ့သည်။ မြောက်ဦးခေတ် ဘုရင်တစ်ပါးက စေတီတော်နှစ်ဆူကို ထပ်မံတည်ထားပြီး မျက်မှောက်ခေတ်တွင် မြို့သူမြို့သားတို့က တစ်ဆူထပ်မံတည်ထားခဲ့ရာ စုစုပေါင်း စေတီတော်လေးဆူရှိတည်ထားရှိသည်။ အာရုံခံသိမ်တော်တွင် ဘားဘူတောင်စေတီတစ်ဆူမှရရှိသော ဉာဏ်တော် ၂ ပေရှိ မကိုဋ်ဆောင်း ကျောက်ဆင်းတုတော်တစ်ဆူကို ဖူးမြင်နိုင်သည်။