မြတ်လေးဆူဘုရား

Listing Description

မြတ်လေးဆူဘုရားသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အရှေ့ဘက်ကပ်လျက်တွင်ရှိသော ရွှေသာလျောင်းတောင်တွင် တည်ရှိပါသည်။ မဟာမြတ်လေးဆူဘုရားမှာ အရပ်လေးမျက်နှာမှ ဖူးမြော်နိုင်သော ကြီးမားသည့် ရုပ်ပွားတော်များဖြစ်ပါသည်။ မဟာမြတ်လေးဆူဘုရားမှာ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင်များကို ရည်မှန်းပူဇော်ထားခြင်းဖြစ်ပြီး ရုပ်ပွားတော်တစ်ဆူလျှင် ဉာဏ်တော်အမြင့် အတောင် ၃၉ မြင့်မားပါသည်။ မဟာမြတ်လေးဆူ ဆုတောင်းပြည့်ဘုရားကြီးကို သာသနာနှစ် ၂၅၃၄-၂၅၃၅၊ ကောဇော ၁၃၅၂-၁၃၅၃၊ ခရစ်နှစ် ၁၉၉၀-၁၉၉၁ တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ကကုသန်ဘုရားရုပ်ပွားတော်မှာ သန္တိဒမုဒြာ၊ လက်ျာလက်ငါးချောင်း အပေါ်ထောင်၍ ငြိမ်းချမ်းသာယာမှုပေးဟန်၊ မြတ်စွာဘုရားသည် သတ္တဝါအပေါင်းတို့အား ငြိမ်းချမ်းသာယာမှုကို ရရှိစေရန်အတွက် လက်တော်ဖြင့် သရုပ်ဖော်ထားသည့် ပုံတော်ပင်ဖြစ်ပါသည်။ ကောဏဂုံဘုရားမှာ ဝိမှယဟတ္ထမုဒြာ ထူးကဲအံ့သြဖွယ်ဟန်၊ သတ္တဝါများအား တန်ခိုးကြီးခြင်း၊ အောင်မြင်ခြင်း လူရှင်ရဟန်းတို့၏ ချီးမွမ်းထောပနာခြင်းကိုခံရခြင်းစသည့် ကောင်းကျိုးများကို ရရှိစေနိုင်ကြောင်းဖြင့် (ဝိမှယတ္ထမုဒြာ)ဖြင့် ပေါ်လွင်စေသော ရုပ်ပွားတော်ပင်ဖြစ်ပါသည်။ ကဿပဘုရားမှာ ဝရမုဒြာ ကောင်းချီးပေးဟန် မြတ်စွာဘုရားသည် သတ္တဝါအပေါင်းအား လိုအင်ဆန္ဒပြည့်စုံခြင်း၊ အရာရာအောင်မြင်ခြင်း စသည့်အကျိုးများ ရရှိစေနိုင်သည်ဟူသော အနေဖြင့်(ဝရမုဒြာ)ကို ထုဆစ်ပုံဖော်ထားခြင်းဖြစ်ပါသည်။ ဂေါတမဘုရားရုပ်ပွားတော်မှာ မဟာကရုဏာမုဒြာ လက်ျာလက်ရင်၌ ကပ်ထား၍ သနားကြင်နာဟန် သတ္တဝါအားလုံးအား ရင်ဝယ်သားကဲ့သို့ ကြီးမြတ်လှစွာ မဟာကရုဏာ တော်ထားရှိကြောင်း သရုပ်ဖော်ထားခြင်းဖြစ်ပါသည်။