ပေါ်တော်မူရှေးဟောင်းလိုဏ်ဂူဘုရားများ

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြင်စိုင်းမြို့ဟောင်းတောင်ဘက် ရွှေဥမင်တောင်တန်းတွင် တည်ရှိပါသည်။ သဘာဝကျောက်လိုဏ်ဂူများဖြစ်ပြီး လိုဏ်ဂူနံရံများပေါ်ရှိ နံရံဆေးရေးပန်းချီများကို ယနေ့တိုင် လေ့လာနိုင်သည်။ ကျောက်လိုဏ်ဂူအတွင်းရှိ ရုပ်ပွားတော်များမှာ ကျောက်နံရံရှိ ကျောက်သားကို နေရာတွင်ပင် ထွင်းထုထားသည့် လက်ရာများဖြစ်သည်။ အထူးသဖြင့်  ကျောက်ဥမင်လိုဏ်ခေါင်း ၉ ခုရှိသည့် ရွှေဥမင်တောင်ရှိ အလယ်ဂူမကြီးတွင် နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်သည်။ သဲကျောက်တောင်နံရံကို ထွင်းထားသည့် ရွှေဥမင်ဂူ၏ အဝင်မုခ်ပေါက် ငါးခုကို အုတ်အင်္ဂတေများဖြင့် ပြုလုပ်ထားသည်။ ဂူပေါက်များသည် အရှေ့ဘက်သို့ မျက်နှာမူနေကြကာ ယေဘုယျအားဖြင့် ညောင်ဦးမြို့ ရွှေစည်းခုံစေတီအနီးရှိ ကျန်စစ်သားဥမင်နှင့် တူညီသည်။ ရွှေဥမင်ဂူ နံရံဆေးပန်းချီများကို ရုတ်တရက်ကြည့်လျှင် ထိုးကွင်းမင်ကြောင်များနှင့် တူနေသဖြင့် မြင်စိုင်းဝန်းကျင်မှ လူများက မင်ကြောင်ဆေးရေးဂူဟု ခေါ်ဆိုမှုများ ရှိခဲ့သည်။ ယင်းနံရံဆေးပန်းချီများ ရေးဆွဲချိန်သည် ၁၃ ရာစု နှောင်းပိုင်း ဖြစ်ကြောင်း သိရသည်။ ရွှေဥမင်ဂူမှ အရှေ့ဘက် တစ်မိုင်ခန့်တွင်ရှိသည့် စိတ္တဂုတ်ဂူ နံရံတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပုံများကို မြင်တွေ့ရပြီး ဂူနံရံ မျက်နှာပြင်သည် မညီညာသဖြင့် နံရံဆေးများသည်လည်း ပေါ်လွင်ထင်ရှားခြင်းမရှိကြချေ။