ဦးဝီရသူ (မစိုးရိမ်)

Listing Description

ဆရာတော်ကို ၁၃၃၀ ပြည့်နှစ် ဝါဆိုလဆန်း(၂)ရက်၊ (၁၉၆၈−ခုနှစ်၊ ဇွန်လ(၂၆)ရက်၊ ဗုဒ္ဓဟူးနေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အောက်ချိုက်ရပ် ခမည်းတော် ဦးခင်မောင်ဝင်း၊ မယ်တော် ဒေါ်တင်တင်ဦးတို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည် ဝင်းခိုင်ဦး ဖြစ်သည်။ မွေးချင်းမောင်နှမ ရှစ်ယောက်ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သည်။

ကျောက်ဆည်မြို့ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၈ တန်းအောင် သည်အထိ ပညာသင်ယူခဲ့ပြီး ၁၃၄၆-ခု၊ တပေါင်းလပြည့်ကျော် (၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ ရွှေလှံတောင်ဆရာတော်ကို ဥပဇ္ဈာယ်ပြုပြီး သီလရှင် ဆရာကြီး ဖွားမာလာထေရီ၏ ပစ္စယနုဂ္ဂဟခံယူကာ ရှင်သာမဏေဖြစ်ခဲ့ပြီး ပရိယတ္တိစာပေများကို ဆည်းပူးလေ့လာခဲ့သည်။ ၁၃၄၇ အောင်-ဇေ-ယျ-တုနှစ် ပထမဝါဆိုလဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့ ကျောက်ဆည်မြို့၊ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇနိတာဘိဝံသထံတွင်ရောက်ရှိကာ ပရိယတ္တိစာပေကိုအခြေခံမှစပြီး ဝိနည်းငယ်လေးစောင် ပါရာဇိကပါဠိတော်ပါ စိတ်ပါဠိ တော်နှင့် ပထမပြန်ဆိုင်ရာကျမ်းဂန်ကြီးငယ်တို့ကို သင်ယူခဲ့သည်။ ၁၃၅၀ ပြည့်နှစ် ပထမဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့၊ လေသာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးဇဝနဗုဒ္ဓိ ကို ဥပဇ္ဈာယ်ပြုပြီ ဦးစံထွန်း ဒေါ်မြချစ်နှင့် ဦးသန်းဝင်း + ဒေါ်အေးချိုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်။ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူသည် ၁၃၆၁ ခု၊ (၉၃) ကြိမ်မြောက် ပရိယတ္တိသာသနဟိတ (သကျသီဟ) စာမေးပွဲသီးခြားစာချတန်း၌ အဋ္ဌကထာသုံးကျမ်းကို ဖြေဆိုအောင်မြင် တော်မူသဖြင့် "ပရိယတ္တိသာသနာဟိတ (သကျသီဟ) ဓမ္မာစရိယဘွဲ့" တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ခံယူခဲ့သည်။ "အဘိဝံသ(မျိုးဆက်သစ်) ဘွဲ့" ရရှိခဲ့သည်။

၁၉၉၁ ခုနှစ်တွင် မန္တလေး မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် မစိုးရိမ် နာယက ဆရာတော်ဖြစ်လာခဲ့သည်။ ထိုအတောအတွင်း အမျိုးအတွက်ဆို သေရဲတယ်၊ မင်းသုံးပါးစစ်ဆင်ရေး၊ အဆင်သင့်ရှိပါစေ။ မိခင်ရွာကသာသနာ၊ နောက်မကျစေနဲ့၊ သိင်္ဂါလဇတ်... စသည့် တရားတော်များကိုဟောကြားပြီး သာသနာတော် အရှည်တည်တန့်ရေး စာပေများကို ဝီရသူ (မစိုးရိမ်)၊ အရှင်ဝိစိတ္တ (ကျောက်ဆည်) ဟူသော ကလောင်အမည်တို့ဖြင့်လည်း ရတနာပုံသတင်းစာ၊ ဘာသာရေးမဂ္ဂဇင်းတို့၌ ဘာသာရေးစာပေများ ရေးသားခဲ့သည်။ ရန်ကုန်မြို့၊ ဗဟန်း ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ရွှေရတုအထူးထုတ်စာစောင်၌ ရတနာတို့၏သခင် ပရိယတ္တိသာသနဟိတ (သကျသီဟ) အသင်း ကြီး၏ နှစ် (၁၀၀) ပြည့် အထူးထုတ်စာစောင်၌ ပရိယတ္တိအလင်းရောင် ဟူသောခေါင်းစဉ်ဖြင့် စာပေဆောင်းပါး၊ ထေရဝါဒတိုက်ပွဲ၊ (ထေရဝါဒ တို့တိုင်းပြည် နှင့် ပရိယတ္တိရွှေချိန်ခွင်) စာအုပ်များကို ရေးခဲ့သည်။