ရွှေသိမ်တော်ဘုရား

Listing Description

ရွှေသိမ်တော်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကြီးရွာတွင် တည်ရှိပါသည်။ ရွှေသိမ်တော် သစ္စာ အဓိဌာန်အောင် ဘုရားသည် အနော်ရထာမင်းကြီးကိုယ်တိုင် တည်ထားပြီး ရှင်အရဟံ သိမ်သမုတ်ခဲ့သည့် သိမ်တော်များမှ တစ်ခုဖြစ်ပါသည်။ အနော်ရထာမင်းကြီး တည်ထားစဉ်က ရွှေသိမ်တော်ဘုရားသည် ဉာဏ်တော် ၉ တောင်သာရှိပြီး နောက်ပိုင်းတွင် ဘုရားကို အဆင့်ဆင့်ငုံပြီး တည်ထားကိုးကွယ်ခဲ့ကြရာ ယခုအခါ ဉာဏ်တော် ၃၄ တောင်အမြင့်အထိ ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ယင်းဘုရားတွင် အုန်းငှက်ပျော ကန်တော့ပွဲထိုး၍ စီးပွားရေး၊ ကျန်းမာရေး၊ မိသားစုအရေး စသည့်ကိစ္စများအတွက် အဓိဋ္ဌာန်ပြုဆုတောင်းပါက အောင်မြင်မှုရသည်ဟု ယုံကြည်ကြပါသည်။ ရွှေသိမ်တော်မြတ်စွာဘုရားသည် ရှေးယခင်က တရားရုံးသဖွယ်လည်းဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ တရားပြိုင်များကို ဘုရားသို့ခေါ်လာပြီး ဘုရားဂေါပကများက ဖရောင်းတိုင်ထွန်း၍လည်းကောင်း၊ ပန်းတင်၍လည်းကောင်း၊ သစ္စာရေတိုက်၍လည်းကောင်း အဆုံးအဖြတ်ပေးခဲ့ကြသည်ဟု ပြောဆိုမှတ်သားခဲ့ကြသည်။ ရွှေသိမ်တော်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်မှာ ဝါဆိုလပြည့်ကျော်(၁)ရက်၊ ကဆုန်လပြည့်၊ တန်ဆောင်မုန်းလ၊ တပို့တွဲလပြည့် စသည်ဖြင့် တစ်နှစ်လျှင် လေးကြိမ်ကျင်းပကြောင်း သိရပါသည်။