ပန်းကုံးသိမ် (ခေါ်) ဆုတော်ပန်ဘုရားကြီး

Listing Description

မြောက်ဦးမြို့ စံကားတောင်၏ အရှေ့ဘက် စန္ဒမုနိဘုရားကြီးကျောင်းတိုက်သို့ သွားရောက်ရာလမ်းတွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၆၃ ခုနှစ် (အေဒီ ၁၅၀၁) တွင် ဘုရင်မင်းလှရာဇာသည် ဤဘုရားဆင်းတုတော်ကို လောင်းကြက်မြို့မှ မြောက်ဦးမြို့သို့ ပင့်ဆောင်ကာ သိမ်တော်ဖြင့်ထားရှိ ကိုးကွယ်ခဲ့ပြီး ဆုတော်ပန်ဘုရားဟု ဘွဲ့အမည် ခေါ်တွင်ခဲ့သည်။ ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၁၁ ပေရှိသော လေးမြို့ခေတ်လက်ရာ ကျောက်ဆင်းတုတော်ကြီး ဖြစ်ပြီး ပလ္လင်တွင် လေးမြို့ခေတ်အက္ခရာဖြင့် ဘုရင်မင်းလှရာဇာကောင်းမှုဖြစ်ကြောင်း ကျောက်စာနှစ်ကြောင်း ရေးထိုးထားသည်။ မြောက်ဦးနန်းတော်သို့ ပန်းကုံးဆက်ခဲ့ရသော အမှုထမ်းတစ်ဦးက ရခိုင်မင်းဆက် ပျက်သုန်းခဲ့ပြီးနောက် ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ် (အေဒီ ၁၇၈၅)တွင် သိမ်တော်ကို ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့သောကြောင့် နောင်တွင် ပန်းကုံးသိမ်ဟု အမည်တွင်ခဲ့သည်။