ရွှေဘုန်းပွင့်စေတီတော်

Listing Description

ရွှေဘုန်းပွင့်စေတီတော် သည် တောင်ကြီးမြို့၏အရှေ့ဘက် တောင်တန်းကြီးအလယ် ပင်လယ်ရေပြင်မှ အမြင့်ပေ ၅၆၂၃ပေခန့်မြင့်သော နွားလားဥဿဘတောင် ပေါ်တွင် တည်ရှိပါသည်။ ကပ်ကျော်ဘုရားဟုလည်း ဒေသခံများ ခေါ်တွင်ကြသည်ဟု သိရသည်။ ရွှေဘုန်းပွင့်စေတီကို မြန်မာသက္ကရာဇ် ၁၃၃၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၆၉ ခုနှစ်)တွင် ရက်ကန်းစင်တောင် ဆရာတော်ဦးဩဘာသ ၏ မိန့်မှာလမ်းညွှန်ချက်အရ တည်ထားခဲ့ပါသည်။ စေတီသည် ဉာဏ်တော် ၃၁ တောင် အမြင့်ရှိသည့် ဆူးလေစေတီတော်ပုံ စေတီတစ်ဆူဖြစ်ပါသည်။ စေတီတော်း၏ဘေးပတ်လည်တွင် ဉာဏ်တော် ၁၁ တောင်အမြင့်ရှိသော အရံစေတီရှစ်ဆူမှာလည်း ဆူးလေစေတီတော်ပုံစံငယ်များ ဖြစ်သည်။ စေတီတော်တည်ရှိရာ တောင်မြောက်သွယ်တန်းနေသော တောင်တန်းပေါ်၌ ရွှေမုဋ္ဌောစေတီနှင့် မြစိမ်းတောင်စေတီတို့ တည်ရှိပါသည်။