မဟာအတုလသကျမာန်အောင်ဘုရား (လှည်းကူးငါးထပ်ကြီးဘုရား)

Listing Description

မဟာအတုလသကျမာန်အောင်ဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ မြို့မရပ်ကွက်တွင် တည်ရှိပါသည်။ မဟာအတုလသကျမာန်အောင် ဘွဲ့အမည်ရှိ ရှေးဟောင်း လှည်းကူးငါးထပ်ကြီးဘုရားကြီးကို ၁၂၇၁ ခုနှစ် ကဆုန်လပြည့်နေ့တွင် မြေပိုင်ရှင် ဦးဖေ၊ ဒေါ်လေးတို့က ဘုရားရှင်၏ သရီရဓာတ်တော်မွေတော်များ ဌာပနာ၍ စတင်တည်ထားကိုးကွယ်ခဲ့ပါသည်။ မဟာအတုလသကျမာန်အောင်ရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် မဏိတော်မှ ပလ္လင်တော်အထိ ၃၄ ပေ၊ ပုခုံးတော်အကွာအဝေး ၁၆ ပေ ၈ လက်မ၊ ဒူးတော်အကွာအဝေး ၂၇ ပေရှိသော ဥဒိဿစေတီ အမျိုးအစား ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါသည်။ ၁၂၇၇ ခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဦးခေါင်းတော် မြေခခဲ့သဖြင့် မြေခခဲ့သော ဦးခေါင်းတော်ကို ငါးထပ်ကြီးဘုရား၏ အရှေ့မျက်နှာအရပ်၌ ရှစ်မျက်နှာစေတီတည်ကာ ဌာပနာထည့်သွင်းပူဇော်ခဲ့ကြောင်း အရှင်သိရီန္ဒာဘိဝံသ၏ ဘုရားသမိုင်းစာအုပ်တွင် ဖော်ပြထားပါသည်။ ထိုစေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၃၅ပေ ၅ လက်မရှိပြီး လုံးပတ်တော် ၆၄ ပေရှိပါသည်။ ကန္ဓကုဋိတိုက်အတွင်းတွင် နှစ်ကျိပ်ရှစ်ဆူဘုရားရုပ်ပွားတော်များကိုလည်း ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။ တန်စောင်းတော်ကြီး၏ အပေါ်ဘက်နံရံတွင်လည်း ငါးရာငါးဆယ်ဇာတ်နိပါတ်တော်များ၊ ဗုဒ္ဓဝင်ပြခန်း ၃၈ ခန်းကိုလည်း လက်ရာမြောက်စွာ တွေ့မြင်နိုင်ပါသည်။ ရုပ်ပွားတော်မြတ်ကြီး သီတင်းသုံးရာ ပရဝုဏ်သည် ၂ ဧကခန့်ကျယ်ဝန်းပြီး ဂန္ဓကုဋိတိုက်မှာ ဘုံငါးဆင့်ပြသာဒ်ဖြစ်ပြီး စတုရန်းပေ ၈၀ ကျယ်ဝန်းကာ အမြင့် ၄၅ ပေရှိပါသည်။ နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့တွင်ကျင်းပပြုလုပ်သော နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ အထူးစည်ကားပါသည်။ မဟာအတုလသကျမာန်အောင် ဆုတောင်းပြည့်ငါးထပ်ကြီးဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၁၂ ရက်နေ့မှ လပြည်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါသည်။