လင်ပန်းပြောက်စေတီ

Listing Description

ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းတော်ကုန်း၏ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ဤစေတီကို ခရစ်နှစ် ၁၅၂၅ ခုနှစ်တွင် စလတ္တာစောမွန် (မင်းစောအို)က "ခရမ်းသီးလက်ကောက်ပြောင်ပြောင်တောက်၊ ဈီးမှာဝယ်လင်ပန်းပြောက်" ဟူသော အတိတ်တဘောင်အရ တည်ထားခဲ့သဖြင့် "လင်ပန်းပြောက်စေတီ" ဟူ၍ ဘွဲ့အမည်တွင်ခဲ့သည်ဟု သိရပါသည်။ စေတီတော်မှာ ရှစ်မြှောင့်ပုံဖြစ်ပြီး ပစ္စယံတစ်ဆင့်စီတွင် ကျောက်ဆစ်လက်ရာများဖြင့် ပြုလုပ်ထားသော ရာဇပလ္လင်ပေါင်းကူးမုခ်များရှိကာ ထိုမုခ်များအတွင်း ဘုရားတစ်ဆူစီရှိသည်။ စေတီတော်၏အောက်ခြေမှာ ၁၅၆ ပေရှိပြီး ဉာဏ်တော်အမြင့်မှာ ၁၂၀ ပေရှိပါသည်။ စေတီတော်ကို ကျောက်တံတိုင်း နှစ်ထပ်ကာရံထားပြီး အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် စေတီသို့ ဝင်လမ်းနှင့် လှေကားများရှိသည်။ အတွင်းတံတိုင်းပတ်လည်တွင် ကြွေရည်ဖြင့်သုတ်ထားသော ရောင်စုံအုတ်ခွက် ပန်းပွင့်ကြီးငယ်များကို ကျောက်နံရံ တံတိုင်းပတ်လည် လင်ပန်းပြောက်သဏ္ဌာန် စီမံတပ်ဆင်ထားသည်။ ပန်းပွင့်ကြီး တစ်ခုစီတွင် ဝတ်ဆံဝိုင်းတစ်ခုနှင့် ပွင့်ဖတ်လေးခုစီပါရှိသည်။ တံတိုင်းပတ်လည်တွင်ပန်းပွင့်ကြီးပေါင်း ၁၁၆ ပွင့်နှင့် ပန်းပွင့်ငယ်ပေါင်း ၂၄၀ ရှိသည်။ ယခုအခါ ကြွေရည်သုတ်လင်ပန်း သဏ္ဌာန်ပန်းပွင့်များမှာ ပျက်စီးလျက်ရှိပြီး အနည်းငယ်မျှသာ ကျန်တော့သည်။