ကျိုက္ကမာစိန်စေတီတော်

Listing Description

ကျိုက္ကမာစိန်စေတီတော်သည် ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် တည်ရှိသော ဘုရားဖြူကျောင်းတိုက်အတွင်း တည်ရှိပါသည်။ အလံပြစေတီ၊ ကျိုက်ဒေးအပ်စေတီတော်တို့နှင့် ခေတ်ပြိုင်ဖြစ်သော ကျိုက္ကမာစိန်စေတီတော်၏ သမိုင်းကြောင်းမှာ သာသနာနှစ် ၂၁၈ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးထံမှ ရရှိသော ဓာတ်တော်မွေတော်များကို သီဟဒီပမင်းမှ သူရဲကောင်းရှစ်ဦးအား ခွဲဝေပေး၍ စေတီတော်များတည်စေရာ ကျိုက္ကမာစိန်စေတီတော် ပါဝင်ခဲ့ပါသည်။ အချို့သော မှတ်တမ်းများတွင် သာသနာသက္ကရာဇ် ၂၃၈- ၂၃၉ ခုတွင် ရဟန္တာအရှင်မြတ်ရှစ်ပါးသည် ဆံတော်၂၄ ဆူ ပင့်ဆောင်ပြီး သထုံပြည်မှတဆင့် ဥဒ္ဒဒိပ္ပကျွန်း (သံလျင်) သို့ ရောက်ရှိကာ သံလျင်ကျွန်း ဘုရင်သီဟဒီပမင်းနှင့်တိုင်ပင်၍ ဒဂုံမြို့တွင် ဘုရား(၁၁)ဆူအား ၎င်းဓာတ်တော်၊ဆံတော်များဌာပနာလျှက် တည်ထားခဲ့ကြပါသည်။ ထို့အပြင်သိမ်တော်ကြီးကိုးလုံးကိုလည်း တည်ဆောက်ကာ သိမ်သမုတ်ခဲ့ကြပါသည်။ ရဟန္တာရှစ်ပါးတည်ခဲ့သောဘုရားစေတီများမှာ ကျိုက်အသုတ် (အသုတ်မြို့လယ်ဘုရား)၊ ကျိုက်ဒေးအပ် (တဖုဿ၊ဘလ္လိကညီနောင် ဆံတော်အပ်ရာနေရာဗိုလ်တထောင်)၊ ကျိုက်ကမာစိန် (ဘုရားဖြူကျောင်း၀န်းအတွင်း)၊ ကျိုက္ကစံ (သင်္ကန်းကျွန်း၊ဘုရားရှစ်ဆူ)၊ ကျိုက်မယ်လမု (မယ်လမုဘုရား၊မ/ဥက္ကလာ)၊ ကျိုက်မဲ့သံကရော (သိမ်ကြီးဈေးနေရာတွင်ရှိခဲ့ပြီးဖျက်လိုက်၏)၊ ကျိုက်ဒေးတဲ့ (ရန်ကုန်မြစ်ဆိပ်အနီး ထောင်မှုးဘုရားပဒတ်စာတောင်တွင်ရှိ)၊ ကျိုက်ဇွဲကမော့ (ညောင်ပင်ကုန်းဘုရား)၊ ကျိုက်ဒင်းမဲ (ရွှေတိဂုံအနောက်မြောက်တွင်ရှိခဲ့ဖူးသည်)၊ ကျိုက်ခပေါက်စနွတ် (အလံပြဘုရားလမ်းတွင်ရှိ)၊ ကျိုက်ခပေါက်ဆွတ် (မင်းလက်ဝဲဘုရားခေါ်အလံပြဘုရား) ဟူ၍ ရေးသားထားသည်ကိုလည်း တွေ့ရှိရပါသည်။ စေတီတော်တည်ရှိရာ နေရာသည် ဆင်များရေသောက်သည့် နေရာဖြစ်သည်ကို အစွဲပြုကာ မွန်ဘာသာဖြင့် ကျိုက္ကမာစိန် ဟု သမုတ်ခဲ့ပါသည်။ နှစ်ကာလကြာမြင့်၍ စေတီမှာ ပြိုကျပျက်စီးပြီး အုတ်ပုံမျှသာရှိတော့ရာ ၎င်းနေရာအနီးတွင် တောကျောင်းနေသော အရှင်ညဝါသိမထေရ်မှ ပုစွန်တောင်ချောင်းအနီး ကမ်းပြို၍ ပျက်စီးသော ရှေးဘုရားတစ်ဆူကို ပင့်ဆောင်လာကာ ကျိုက္ကမာစိန်စေတီတွင် ဌာပနာ၍ စေတီတော်ကို ပြန်လည်ပြုပြင်တည်ထားခဲ့ပါသည်။ ထိုစေတီအနီး၌ပင် သီတင်းသုံးသော မန္တလေးမြို့၊ မိုးကောင်းတိုက်၊ ဇီးပင်ကျောင်းဘုန်းတော်ကြီး ဦးကေလာသဘမှ စေတီတော်အား ထုံးသင်္ကန်းကပ်လှုခဲ့သည်မှစ၍ ဘုရားဖြူစေတီဟု ခေါ်ဝေါ်ခဲ့ကြပြီး ကျောင်းတိုက်ကိုလည်း ဘုရားဖြူကျောင်းတိုက်ဟု ခေါ်တွင်ခဲ့ကြပါသည်။ သက္ကရာဇ် ၁၃၁၈ ခုနှစ်တွင် အရှင်ပညာဝံသမထေရ်မှ ထပ်မံပြုပြင်၍ ကြေးထီးတော်အသစ် တင်လှူခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် ဘုရားဖြူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနရိန္ဒာဘိဝံသအားအမှူးပြု၍ ဘက်စုံပြုပြင်မွမ်းမံခဲ့ရာ လက်ရှိအချိန်တွင် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းဖြင့် ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်မြင်တွေ့ရပါသည်။