ကြီးငါးကြီးဆုတောင်းပြည့် ဘုရားငါးဆူစေတီတော်

Listing Description

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီး၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန် အရှေ့ဘက်အနီးတွင် တည်ရှိပါသည်။ ကြီးငါးကြီးစေတီတော် တည်ရှိရာနေရာသည် ရွှေတိဂုံစေတီတော်ကြီးတွင် ဌာပနာပြုရန် ပင့်ဆောင်လာသော ဘုရားရှင်၏ဆံတော်မြတ်များ ခေတ္တသီတင်းသုံးပူဇော်ခံခဲ့သည့် နေရာဖြစ်သည်ဟု သိရပြီး စစ်ကိုင်းမင်းသည် ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်၍ ထိုနေရာတွင် ကိုးတောင်ပြည့်စေတီတစ်ဆူ တည်ထားကာ "ဆံတော်နားစေတီတော်"ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့ပါသည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ချိန် ရွှေတိဂုံစေတီတော်၌ တပ်စွဲထားပြီး ယခုကြီးငါးကြီးဘုရား တည်ရှိရာနေရာကို စားဖိုဆောင်အဖြစ်အသုံးပြုကာ စစ်ကိုင်းမင်းတည်ထားခဲ့သော ကိုးတောင်ပြည့်စေတီတော်ကိုလည်း ဖြိုချဖျက်ဆီးခဲ့ပါသည်။ ထို့ကြောင့် နောက်ပိုင်းတွင် စေတီသဏ္ဌာန် ကုန်းမို့မို့သာ ကျန်ရှိခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ကွင်းဆရာတော်ဘုရားကြီး ဦးစန္ဒြောဘာသက ယခုလက်ရှိ ဖူးမြင်ရသော စေတီတော်ကို ပြန်လည်တည်ထားကိုးကွယ်ခဲ့ပါသည်။