ဟုတ်စံစီဘုရားကျောင်း (ခ) ဖူဆန်ဘုရားကျောင်း

Listing Description

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် (၁၆၀) တွင် တည်ရှိသည်။ မဟာယာနဗုဒ္ဓဘာသာကျောင်းတစ်ခုဖြစ်ပြီး ဖူးကျန့်ပြည်နယ်၊ အန်ရှီးစီရင်စုမှ မြန်မာပြည်သို့ ရောက်လာကြသော တရုတ်လူမျိုးများဖြစ်သည့် ဟုတ်ကင်းလူမျိုးများမှ ဆင်းသက်လာသူများက ၁၈၇၅ ခုနှစ် ဇန်နဝါရီလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းကို ရန်ကုန်မြို့လယ်ရှိ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ကွပ်ကဲသည်။ တရုတ်ဗုဒ္ဓရဟန်းတော် ချင်ရှီဇူရှိ (祖師公) အား ရည်မှန်းကိုးကွယ်ခြင်းဖြစ်သည်။ ၁၉၆၀ ပြည်နှစ်တွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် လည်းကောင်း ဘုရားကျောင်းအား ပြန်လည်ပြုပြင်ခဲ့သည်။ တရုတ်နှစ်သစ်ကူးနေ့နှင့် ချင်ရှီးဇူရှိ မွေးနေ့တွင် ဘုရားရှိခိုးသူများစွာနှင့် စည်ကားလျက်ရှိသည်။ ဘုရားကျောင်းဝန်းအတွင်းထဲတွင် စားသောက်ဆိုင်တစ်ဆိုင်နှင့် ဘတ်စကစ်ဘောကစားကွင်းတစ်ခု ပါဝင်သည်။ ဘုရားကျောင်းဝင်းထဲတွင် တရုတ်ဗိသုကာဟန် ကျောက်ဆစ်ရုပ်များ၊ တရုတ်ဟန် ကျောက်စားပွဲများ၊ ထိုင်ခုံအပုများဖြင့် တန်ဆာဆင်ထားသည်။ လသာဆောင်၏ နံဘေး၌ တရုတ် ဆယ့်နှစ်ရာသီခွင်ရုပ်များရှိပြီး တရုတ်တံတားနှင့် မျှော်စင်ပုံ ပန်းချီကားအသေးစားကို တွေ့မြင်နိုင်သည်။ ယခုအခါ ယင်းဘုရားကျောင်းအဆောက်အအုံသည် ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ စာရင်းတွင် တစ်ခုအပါအဝင် ဖြစ်သည်။