နှင်းဆီကုန်းဘိုးဘွားရိပ်သာ

Listing Description

သက်ကြီးဘိုးဘွားများကို ပြုစုစောင့်ရှောက်လျက်ရှိသော နှင်းဆီကုန်းဘိုးဘွားရိပ်သာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၂၁ တွင်တည်ရှိပါသည်။ ရိပ်သာသည် အကျယ်အဝန်းအားဖြင့် ၇.၀၈၇ ဧကရှိပါသည်။ ရိပ်သာအမျိုးအစားမှာ နိုင်ငံတော်နှင့် အများပြည်သူ အလှူငွေများဖြင့် ခိုကိုးရာမဲ့ဘိုးဘွားများအား ပြုစုစောင့်ရှောက်သော လူမှုရေးအဖွဲ့ကြီး ဖြစ်ပါသည်။ ရိပ်သာကြီးကို ဘွားဒေါ်ဦးဇွန်း(ခ) သီလရှင် ဒေါ်သုမာလာမှ ခရစ်နှစ် ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်းရပ်ကွက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ထိုစဉ်ကာလတွင် ဒေါ်ဦးဇွန်းလူအိုရုံဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ အဘွားဒေါ်ဦးဇွန်းက ရိပ်သာကြီးကို ၁.၁.၁၉၃၃ မှ ၄.၄.၁၉၄၃ ထိ ဦးစီးကာ ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်၌ သင်္ဃန်းကျွန်းရှိ နှင်းဆီကုန်းလူအိုရုံကို ယခုတည်ရှိရာ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းသို့ ပြောင်းရွှေ့ခဲ့ပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးအဖြစ်သို့ တိုးချဲ့အောင်မြင်လာခဲ့ပါသည်။ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် လက်ခံနိုင်သော ဘိုးဘွားဦးရေမှာ ဘိုး ၁၀၀၊ ဘွား ၁၂၀၊ စုစုပေါင်း ဘိုးဘွား ၂၂၀ ဦး ဖြစ်ပါသည်။ ရိပ်သာကြီးတွင် လာရောက်နေထိုင်လိုသူ ဘိုးဘွားတို့သည် အောက်ပါအရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံညီညွတ်ရမည် ဖြစ်ပါသည်။

၁။ အသက် ၇၀ ပြည့်ပြီးသူ မြန်မာနိုင်ငံသား ဖြစ်သူ၊

၂။ လူမတွဲ တောင်ဝှေးမထောက်ဘဲ သွားလာနိုင်သူ၊

၃။ အိုးပိုင်အိမ်ပိုင်မရှိ၊ လုပ်ကိုင်မစားနိုင်၊ တစ်ပါးသူ၏ အထောက်အပံ့မရ၊ ဆင်းရဲချို့တဲ့သူ၊

၄။အကျင့်စာရိတ္တ ကောင်းမွန်သူ၊

၅။ ကျန်းမာရေးစစ်ဆေးအောင်မြင်သူ၊

၆။ ပါတီနိုင်ငံရေး ကင်းရှင်းသူ၊

၇။ ရိပ်သာကြီးမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်သူ။

နှင်းဆီကုန်းဘိုးဘွားရိပ်သာ မင်္ဂလာခန်မများတွင် မင်္ဂလာဧည့်ခံပွဲ၊ မွေးနေ့ပွဲ၊ အလှူပွဲ၊ အစည်းအဝေးပွဲ စသည်များကျင်ပပြုလုပ်ရာတွင် ခန်းမကြေးသီးခြားပေးရန်မလိုဘဲ ဘိုးဘွားများအတွက် ရာသက်ပန်ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်းဖြင့် ခန်းမအသုံးပြုနိုင်စေရန် ဘိုးဘွားရိပ်သာအလုပ်အမှုဆောင်အဖွဲ့မှ စီစဉ်ပေးထားပါသည်။