ငါးထပ်ကြီးဘုရား

Listing Description

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမကြီးပေါ်ရှိ ငါးထပ်ကြီးဘုရားသည် စစ်ကိုင်းမြို့ ငါးထပ်ကြီးရုပ်ပွားတော်ကြီး၏ ပုံတော်ကိုနမူနာယူကာ ဦးဘိုးအောင်နှင့် ဇနီးဒေါ်စိမ်းရင်မှ ပန်းရံဆရာကြီး ဆရာညှက်ကိုအပ်နှံ၍ ရန်ကုန်မြို့ရှိ ဆရာတော်ကြီး ဦးအာသဘ၏ အရှေ့တောရကြီးအတွင်း မြန်မာသက္ကရာဇ် ၁၂၆၂ ခရစ်နှစ် ၁၉၀၁ ခုနှစ်တွင် လှူဒါန်းတည်ထားကိုးကွယ်ခဲ့ပါသည်။ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား၏ ရုပ်ပွားတော်ကြီး၏ပုံတော်ကို မှီငြမ်းပြုပြီး တည်ထားသည့်အတွက်ကြောင့် "ငါးထပ်ကြီးဘုရား" ဟုပင် ခေါ်ခဲ့ခြင်းဖြစ်သည်။ ဘွဲ့တော်အမည်မှာ မဟာသကျအတုလမာရ်အောင် ဖြစ်ပြီး အုတ်အင်္ဂတေဖြင့် ပြုလုပ်ထားသော ရုပ်ပွားတော်ကြီးဖြစ်ပါသည်။ ငါးထပ်ကြီးမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်မှာ ကြာပလ္လင်မှ မကိုဋ်တော်ဖျားအထိ ၅၉ ပေ ရှိပါသည်။ ငါးထပ်ကြီးဘုရားတွင် မှန်စီ ဒုဌဂါမဏိဇာတ်တော်၊ ဇာတ်ကြီးဆယ်ဘွဲ့ပန်းပုရုပ်စုံများ၊ ၃၁ ဘုံနှင့် နက္ခတ်တာယာပုံများကို  ရှေးပန်းပုပညာရှင်ကြီးများဖြစ်ကြသော မန္တလေး ဆရာတင်၊ ဦးရွှေအောင်၊ ဆရာညွန့်တို့အဖွဲ့တို့မှ ထုလုပ်ထားသည်ကိုလည်း ယနေ့တိုင်မြင်တွေ့နိုင်ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ပန်းပုရုပ်စုံများကိုလေ့လာနိုင်ပါသည်။