ချင်းချောင်းနန်းတော်

Listing Description

ရန်ကုန်မြို့၏ ရှေးဟောင်း ကိုလိုနီခေတ် အမွေအနှစ်စာရင်းဝင် ချင်းချောင်းနန်းတော်သည် အမှတ် ၁၃၁၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်တွင် တည်ရှိပါသည်။ ချင်းချောင်နန်းတော်ကို ၁၉၁၇ ခုနှစ်တွင် မြန်မာပြည်ဖွား တရုတ်လူမျိုး သူဌေးကြီး လင်ချင်းချောင်း (Mr. Lim Chin Tsong)မှ ရူပီးငွေ ၂၂ သိန်းကျပ် အကုန်ကျခံတည်ဆောက်ခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးခဲ့သည်။ လင်ချင်းချောင်းအား တရုတ်နိုင်ငံ ဖူကျန့်(Fujian) ပြည်နယ်မှ မြန်မာနိုင်ငံသို့ ၁၈၁၆ ခုနှစ်တွင် ပြောင်းရွှေ့အခြေချခဲ့သည့် တရုတ်လူမျိုး လင်ဆူဟင်း(Lim Soo Hean) က ၁၈၆၇ ခုနှစ်၊ အောက်တိုဘာလ၊ ၂၈ ရက်တွင် မွေးဖွားခဲ့သည်။ ချင်းချောင်းနန်းတော် တည်ဆောက်ရာတွင် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများကို တရုတ်၊ အင်္ဂလန်၊ အီတလီ မှတင်သွင်း တည်ဆောက်ခဲ့သည်။ တရုတ်မင်းဆက်တို့၏ အဆောက်အအုံပုံစံ နှင့် ဥရောပဗိသုကာ လက်ရာတို့ ပေါင်းစပ် တည်ဆောက်ထားသည့် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံဖြစ်သည်။ ငါးထပ်အဆောက်အအုံဖြစ်ပြီး ပေ ၁၂၀ ခန့်အမြင့်ရှိသည့် ယင်းအဆောက်အအုံတွင် ပြတင်းပေါက်အများအပြား ထည့်သွင်းထားပါသည်။ ယခုအဆောက်အအုံ ပြီးစီးသောအခါ အဆောက်အအုံတွင် လူကုံထံများသာပါဝင်သော ပါတီပွဲများသာ လက်ခံကျင်းပခဲ့သည်။ ချင်းချောင်းနန်းတော်အတွင်းပိုင်း နံရံဆေးရေးပန်းချီများကို အင်္ဂလိပ်လူမျိုး ပန်းချီဆရာများ ဖြစ်သော အာ့န်စ်နှင့် ဒေါ့ ပရော့တာ (Ernst and Dod Proctor) တို့က ရေးဆွဲခဲ့သည်။ လင်ချင်းချောင်းသည် ချင်းချောင်းနန်းတော် ကြီး ဖွင့်လှစ်ပြီး သုံးနှစ်အကြာ ၁၉၂၃ ခု နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နှလုံးရောဂါဖြင့် အိပ်ပျော်နေစဉ် ကွယ်လွန်ခဲ့သည်။ ၁၉၂၄ ခုနှစ်၊ ဇွန်လ၊ ၁၀ ရက်တွင် ချင်းချောင်း နန်းတော် ကို ဒေဝါလီခံ ကြွေးသိမ်းပစ္စည်းအဖြစ်ကြေညာခဲ့သည်။ ချင်းချောင်းနန်းတော်သည် ဂျပန်လူမျိုး ကြွေးရှင်တစ်ယောက်၏လက်သို့ ပထမဆုံး ရောက်ရှိသွားပြီး ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးထားစဉ် ရေဒီယို အသံလွှင့်ဌာနအဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် အိန္ဒိယ လူမျိုး စီးပွားရေးသမားများ လက်အောက်သို့ ရောက်ရှိသွားပြီး ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်ပိုင် ကမ္ဘောဇရိပ်သာ ဖြစ်လာခဲ့ကာ ၁၉၈၈ ခုနှစ် အထိ လမ်းစဉ်လူငယ် စည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုအမွေအနှစ် အဖြစ် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်တွင် သတ်မှတ်ခဲ့သည်။ ယခုအခါတွင် ကမ္ဘောဇရိပ်သာ (ခ) ချင်းချောင်းနန်းတော်သည် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိကာ အနုပညာဦးစီးဌာနက အနုပညာအထက်တန်းကျောင်း ဖွင့်လှစ်ထားရှိပြီး ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။