ဗိုလ်ချုပ်အောင်ဆန်းပြတိုက်

Listing Description

ဗိုလ်ချုပ်ပြတိုက်(သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းပြတိုက် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောနေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်သည်။ အမှတ် ၂၅၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ် တွင်တည်ရှိသည်။ ဘဲဥပုံသဏ္ဍာန်မြေကွက်ဖြစ်၍ ခြံဝင်းအကျယ်မှာ ၂.၄၂၃ ဧက ရှိသည်။ ၁၉၂၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်၍ အနောက်တိုင်းဗိသုကာဟန် ရောနှောတည်ဆောက်ထားသော ၂၀ရာစု ဥရောပပုံစံဖြစ်သည်။ နေအိမ်အဆောက်အအုံမှာ ခြံဝင်းအတွင်း၌ရှိသော ၁၈ ပေမြင့်သည့်ကုန်းပေါ်တွင် တောင်ဘက်သို့မျက်နှာစာပြုကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ဤအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ ထိုစဉ်က မူလပိုင်ရှင်ဖြစ်သော တရုတ်လင်မယားနှစ်ဦးထံမှ ငှားရမ်းနေထိုင်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ၊ ၈ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်ရန်ပုံငွေမှကျခံလျှက် ရန်ပုံငွေကြီးကြပ် ထိန်းသိမ်းရေးအမှုဆောင်အဖွဲ့က မူလပိုင်ရှင် တရုတ်လင်မယားထံမှ စာချုပ်စာတမ်းဖြင့် ကျပ်ငွေ ၃သောင်း ပေးချေကာ အပြီးအပိုင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ၁၉၅၅-၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နေအိမ်အား အများပြည်သူ ကြည့်ရှုနိုင်ရေးအတွက် ပြတိုက်အဖြစ်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ၊ ၉ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်၏ဇနီး ဒေါ်ခင်ကြည်ထံမှ ပြတိုက်ပစ္စည်းများအဖြစ် ပြသထားရှိရန် ပရိဘောဂပစ္စည်း(၅၃)မျိုးနှင့် အခြားပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ကို ၁၉၅၇ ခုနှစ်တွင် အောင်ဆန်းမြို့ ပြန်လည်ထူထောင်ရေးတပ်မှ မွမ်းမံပြင်ဆင်ခဲ့ပါသည်။ ၁၉၆၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို စတင်ဖွင့်လှစ်ပြသခဲ့သည်။ တော်လှန်ကောင်စီအစိုးရလက်ထက်တွင် ပြတိုက်အဆောက်အအုံနှင့် နေအိမ်တစ်ခုလုံးကို ပြန်လည်ပြုပြင်မွမ်းမံသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၁၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ဖွင့်လှစ် ပြသခဲ့သည်။ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်၍ ပြတိုက်ကိုအကြီးစား ပြုပြင်ထိန်းသိမ်းခဲ့သည်။ ပြန်လည်ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းအရပ်ရပ်အတွက် နိုင်ငံတော်က ကျပ်သိန်း ၃၀၀ ကျခံသုံးစွဲခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဆောက်အအုံမှာ မူလက သံကူကွန်ကရစ် မဟုတ်ဘဲ သစ်သားထည်အုတ်ရိုးစီ အဆောက်အအုံသာဖြစ်သည်။ အကြီးစားပြင်ဆင်သောအခါ မူလလက်ရာမပျက်စေဘဲ လိုအပ်သောနေရာတွင် ကြံ့ခိုင်မှုအတွက် သံကူကွန်ကရစ်များဖြင့် မွမ်းမံထိန်းသိမ်းခဲ့သည်။ ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲလျှင် ကျန်သည့်ရက်များတွင် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ ဖွင့်လှစ်ပြသသည်။ ပြည်တွင်းမှ ရဟန်း၊ သီလရှင်၊ ကလေးလူကြီးများအား အခမဲ့ဝင်ရောက်ခွင့်ပြုထားပြီး နိုင်ငံခြားသားများအား ပြတိုက်ဝင်ကြေး ကျပ်ငါးထောင် ကောက်ခံသည်။