စုက္ခရုစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတံခါးရပ်ကွက်အတွင်းရှိ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိပါသည်။ စေတီတော်သည် ပန်ထွာမိဖုရားကြီးတည်ထားခဲ့သော ဘုရား ၁၂ ဆူအနက် ဒုတိယမြောက်စေတီဖြစ်ပြီး စေတီတည်ရာတွင် ဒွတ္တပေါင်မင်းကြီးနှင့် ရဟန္တာအရှင်စန္ဒာသီရိ၊ အရှင်စန္ဒာဂရာဇ်တို့ တည်ထားသည့် ရွှေဆံတော်စေတီတော်ကို ရင်ပေါင်တန်းဖူးမြော်နိုင်စေရန်အလို့ငှာ မြေကွက်လပ်တစ်ခုအား ရှင်းလင်းစေ၍ အုတ်များဖုတ်ကာ တောင်ကုန်းသဖွယ်ပြုလုပ်ခဲ့ပါသည်။ ယခင်မူလကမရှိသော်လည်း ပြုလုပ်ဖန်တီးထားသောတောင်ဖြစ်၍ “လက်လုပ်တောင်”ဟုခေါ်ဆိုကြပါသည်။ စုက္ခရုစေတီတော် တည်ထားရာတွင် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့ကို ရွှေကြုတ်နှစ်ခုဖြင့် ဌာပနာ၍ တည်ထားခဲ့သဖြင့် “ကြုတ်နှစ်ခုဘုရား”ဟု အမည်သမုတ်ခေါ်တွင်ခဲ့ကြပြီး ထိုမှ ကာလရွေ့လျားလာသောအခါ “ဘွတ်ခရုဘုရား”ဟု ပြောင်းလဲခေါ်ဝေါ်လာရာမှ ယခုအခါ “စုက္ခရုဘုရား”ဟု အမည်တွင်သည်ဟု သိရပါသည်။ စေတီတော်၏ပုံသဏ္ဌာန်မှာ လေးထောင့်ပစ္စယာ သုံးဆင့်ပေါ်တွင် စေတီလုံးပေါက်ထားပြီး ဗုဒ္ဓရုပ်ပွားတော်များပါရှိသော မုခ်ပေါက်ရှစ်ခုနှင့် စေတီရံလေးဆူ ပါရှိပါသည်။ ခေတ်အဆက်ဆက် ပြုပြင်လာကြရာမှ ယခုအချိန်တွင် ခေတ်သစ်လက်ရာဖြင့် အလွန်သပ္ပါယ် ကြည်ညိုဖွယ်ကောင်းလှသော စေတီတော်တစ်ဆူအဖြစ် ဖူးမြော်မြင်တွေ့ရပါသည်။