အာဇာနည်ဗိမာန်

Listing Description

အာဇာနည်ဗိမာန်သည် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း၊ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီးတွင် တည်ရှိပါသည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့လွတ်လပ်ရေးခေါင်းဆောင်များကို ဤဗိမာန်တွင် မြှုပ်နှံသင်္ဂြုလ်ထားပါသည်။ အာဇာနည်ဗိမာန်တွင် မြှုပ်နှံထားသော ရုပ်အလောင်းများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့ ဖြစ်ပါသည်။ မိုင်းပွန်စော်ဘွားစဝ်စံထွန်း၏ ရုပ်အလောင်းကို သူ၏ မွေးရပ်မြေ မိုင်းပွန်နယ်တွင် သင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာများကို သူ၏မွေးရပ်မြေနှင့် အာဇာနည်ဗိမာန်တို့တွင် ဂူသွင်းခဲ့ပါသည်။ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို တာမွေမြို့နယ်ရှိ မူဆလင်သုသာန်တွင် ဂူသွင်းခဲ့ပါသည်။ မူလဂူဗိမာန်အဆောက်အဦးကို ၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်အုတ်မြစ်ချ တည်ဆောက်ပြီး ဧပြီ ၁၁ ရက်နေ့တွင် ဈာပနအခမ်းအနားကို ကြီးကျယ်စွာ ကျင်းပကာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းကို ဂူသွင်းမြှုပ်နှံခဲ့ပါသည်။ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို လုပ်ကြံလိုသော မြောက်ကိုရီးယားသူလျှိုများ၏ ဗုံးဖောက်ခွဲမှုကြောင့် မူလဗိမာန်ပျက်စီးခဲ့သဖြင့် လက်ရှိဗိမာန်ကို ၁၉၈၅ ခုနှစ် ဇူလိုင်လတွင် အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပါသည်။ အာဇာနည်ဗိမာန်၏ အနီရောင်ကိုယ်ထည်ပေါ်ရှိကြယ်သည် ပေါက်ထွက်နေပြီး မလှမ်းမကမ်းရှိ မြက်ခင်းပေါ်သို့ ကျရောက်နေသည့် ပုံစံမှာ တိုးတက်အောင်မြင်ရန် စွမ်းဆောင်နေဆဲကာလအတွင်း ရက်စက်စွာ သေနတ်ဖြင့်လုပ်ကြံခံရသဖြင့် ကြယ်များကြွေလွင့်ခဲ့ရသည်ကို ကိုယ်စားပြုပါသည်။ အနီရောင်ကိုယ်ထည် အထက်သို့ထိုးထွက်နေသည့်ပုံစံမှာ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံ၏ တိုးတက်ကြီးပွားအောင် ကြိုးစားနေခြင်းကို ကိုယ်စားပြုပြီး အမြှောင်းကိုးခုမှာမူ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးကို ကိုယ်စားပြုပါသည်။ နှစ်စဉ်အာဇာနည်နေ့ရောက်တိုင်း အာဇာနည်ဗိမာန်သို့ ပြည်သူမြောက်မြားစွာလာရောက်ပြီး လွမ်းသူပန်းခွေချ ဂါရဝပြုကြပါသည်။