ဇင်းကျိုက်ဆံတော်ရှင်စေတီ

Listing Description

ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်ကြီးသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် တည်ရှိပါသည်။ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် တည်ရှိပြီး ရန်ကုန်မှ ၁၅၅ မိုင် မော်လမြိုင်မှ ၂၄ မိုင်ကွာဝေးပါသည်။ ပေသုံးထောင်ခန့်မြင့်သော ဇင်းကျိုက်တောင်ပေါ်တွင် တည်ထားသော စေတီတစ်ဆူဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ မြတ်စွာဘုရားနှင့် ရဟန္တာ ၅၀၀ အတူ ကြွတော်မူလာပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာ တောင်ကြီးရွာရှိ ကေလာသတောင် ခေါ် တိုက်ကုလားတောင်၊ ဒိုးခလွန်တောင်တွင် ဆံတော်ခြောက်ဆူချီးမြှင့်ပေးအပ်ခဲ့ရာ ထိုဆံတော်ခြောက်ဆူထဲမှ ကျိုက်ထီးရိုးစေတီတော်သို့ ဆံတော် ၃ ဆူ၊ ဇွဲကပင်စေတီတော်သို့ ဆံတော် ၁ ဆူ၊ ဇင်းကျိုက်စေတီတော်သို့ ဆံတော် ၁ ဆူ၊ ကေလာသစေတီတော်သို့ ဆံတော် ၁ ဆူ ဌာပနာထားရှိပါသည်။  သက္ကရာဇ် ၂၃၆ တွင် သထုံပြည့်ရှင် အသောက ဓမ္ဇရာဇာမင်းကြီးက ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်အား ဉာဏ်တော် ခုနှစ်တောင်အမြင့် အသစ်ပြန်လည်တည်ထားကိုးကွယ်ခဲ့ပါသည်။ မွန်ဘာသာဖြင့် "ကျိုက်ဗလင်မွတ်နတ်" ဟု ခေါ်ဆို၍ မြန်မာလို "နဂါးမျက်စိကွင်းဘုရား" ဟုအဓိပ္ပါယ်ရရှိပါသည်။ ကျိုက်ဗလင်မွတ်နတ် ဘွဲ့အမည်မှ ကျိုက်ဗြင်းနတ်၊ ကျိုက်ဂရင်းနတ် ဟုအမည်တွင်ခဲ့ပြီး ယခုအခါ ဇင်းကျိုက်ဘုရား ဟုလူသိထင်ရှားလာပါသည်။