ကျိုက်ပေါလောရုပ်ပွားတော်

Listing Description

ကျိုက်ပေါလောမှဲ့ရှင် ရုပ်ပွားတော်သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင်တည်ရှိပြီး ကျိုက်ပေါလောဘုရား၊ ရုပ်ရှင်တော်ဘုရား၊ မှဲ့ရှင်တော်ဘုရား ဟူ၍လည်း ခေါ်ကြပါသည်။ သမိုင်းအရ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) ဘုရင် ဒေဝါနံပီယတိဿမင်းကြီးက ပွင့်တော်မူပြီးသော ဘုရားလေးဆူကို ရည်စူး၍ ရုပ်ပွားတော် လေးဆူထုကာ အဓိဋ္ဌာန်ဖြင့် ပင်လယ်တွင် မျှောသည့် ရုပ်ပွားတော် လေးဆူအနက် တစ်ဆူ ဖြစ်ပြီး သီဟိုဠ်ကျွန်းမှ ပင်လယ်ပြင်တွင် ကျောက်ဘီးဖြင့် မျှောလိုက်သော ရုပ်ပွားတော်ကို ဖက္ကလိပ်ကျေးရွာသား လယ်သမား ဦးထွန်းဘော်မှ စတင်တွေ့ရှိပြီး သူဌေးကြီး ဦးဖိုးထော်၏ဇနီး ဒေါ်လုံမက ဆယ်ယူကာ တည်ထားကိုးကွယ်ခဲ့ပါသည်။ ရုပ်ပွားတော်၏ ညာဘက်နားထင်၌ မှဲ့ရှင်တစ်လုံး ရှိသည်ကို အစွဲပြု၍ မှဲ့ရှင်တော်ဘုရားဟူ၍ အမည်တွင်လာပါသည်။ မှဲ့ရှင်တော်ဘုရားဝန်းအတွင်းတွင်လည်း ဗုဒ္ဓဂယာ မဟာဗောဓိအောင်မြေမှ မဟာဗောဓိစေတီတော်နှင့်ပုံတူ စေတီတော်ကြီး တည်ရှိပါသည်။