လောကမဏိစူဠာစေတီတော်

Listing Description

ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ လမ်း (၇၀) နှင့် မင်းကြီးရန်နောင်လမ်းထောင့်၊ ဇောင်းကလောကန်တော်ဦးတွင် တည်ရှိသည်။ သာယာဝတီမင်းသည် သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် စေတီတော်ကိုစတင် အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး သက္ကရာဇ် ၁၂၀၅ ခု၌ ပြီးစီးခဲ့သည်။ စေတီတော်မှာ အချင်းသံတောင် ၆၀ အရပ်သံတောင် ၄၈ ရှိပြီး မဟာရံတံတိုင်း နှစ်ထပ်ကာရံ ထားသည်။ အတွင်းမဟာရံတံတိုင်းလေးမျက်နှာမှာ ၁၁၈ ကိုက်စီရှိပြီး အပြင်မဟာရံတံတိုင်း လေးမျက်နှာမှာ ၂၇၃.၁၅ ကိုက်စီ ရှိသည်။ အပြင်မဟာရံတံတိုင်းအတွင်း ထောင့်လေးထောင့်တွင် အရံစေတီလေးဆူ တည်ထားသည်။ အရှေ့တောင်ထောင့်တွင် သာယာဝတီမင်း၏ မိဖုရားခေါင် ကျပင်းမင်းသမီး တည်ထားသော မဟာတိလောကစေတီ၊ အရှေ့မြောက်ထောင့်တွင် သာယာဝတီမင်း၏ သမီးတော်စင်္ကြာဒေဝီ တည်ထားသော လောကပရဓမ္မစေတီ၊ အနောက်တောင်ထောင့်တွင် သာယာဝတီမင်း၏ မိဖုရားဗန်းမော်မြို့စား ဝေသာလီမင်းသမီး တည်ထားသော သုံးလူထိပ်ပန်စေတီ အနောက်မြောက်ထောင့်တွင် သာယာဝတီမင်း၏ အနောက်နန်းမိဖုရား မမြလေး တည်ထားသော ရတနာလောကစေတီတော်များ တည်ရှိသည်။