ဇွဲကပင်တောင်

Listing Description

ဇွဲကပင်တောင်သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင် တည်ရှိသည်။။ ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး တောင်နှင့်မြောက် မိုင် ၂ဝခန့်မျှ သွယ်တန်းရှည်လျားပါသည်။ တောင်ခြေတွင် ဗုဒ္ဓရုပ်ပွားတော် ၁၀၀၀ ကျော်ရှိသော လုမ္ဗိနီဥယျာဉ် အင်ကြင်းတစ်ထောင်ကျောင်းမှာလည်း ထင်ရှားပါသည်။ ဇွဲကပင်တောင်ပေါ်တွင် ဇွဲကပင် ဆံတော်ရှင်စေတီ တည်ရှိပါသည်။ မြန်မာနိုင်ငံသို့ မြတ်စွာဘုရားနှင့် ရဟန္တာ ၅၀၀ အတူ ကြွတော်မူလာပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာ တောင်ကြီးရွာရှိ ကေလာသတောင် ခေါ် တိုက်ကုလားတောင်၊ ဒိုးခလွန်တောင်တွင် ဆံတော်ခြောက်ဆူချီးမြှင့်ပေးအပ်ခဲ့ရာ ထိုဆံတော်ခြောက်ဆူထဲမှ ကျိုက်ထီးရိုးစေတီတော်သို့ ဆံတော် ၃ ဆူ၊ ဇွဲကပင်စေတီတော်သို့ ဆံတော် ၁ ဆူ၊ ဇင်းကျိုက်စေတီတော်သို့ ဆံတော် ၁ ဆူ၊ ကေလာသစေတီတော်သို့ ဆံတော် ၁ ဆူ ဌာပနာထားရှိပါသည်။ ဇွဲကပင်ဘုရားပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တိုင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ တောင်ပေါ်သို့ ခြေလျင်ခရီး သို့မဟုတ် Cable ကားဖြင့်တက်ရောက်နိုင်ပါသည်။